Myanmar
၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံ ၁၂၆၂၇၈ တန်ကျော်တင်ပို့မှု ဒေါ်လာ ၁၀၈ ဒသမ ၁၅၄ သန်းရရှိ
၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့်
ပြည်ပသို့ ပဲမျိုးစုံ ၁၂၆၂၇၈ တန်ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၀၈ ဒသမ ၁၅၄ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ၁၁၉၉၁၅ ဒသမ ၉၁၈ တန် တင်ပို့မှုမှ ဒေါ်လာ ၁၀၂ ဒသမ ၃၂၇ သန်း၊ နယ်စပ်မှ ၆၃၆၂ ဒသမ ၁၁၇ တန် တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၈၂၇ သန်းဖြင့် စုစုပေါင်းတန်ချိန် ၁၂၆၂၇၈ ဒသမ ၀၃၅ တင်ပို့မှုမှ ဒေါ်လာ ၁၀၈ ဒသမ ၁၅၄ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း ရရှိခဲ့သည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို နှစ်စဉ် ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) ကို G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့် စားသုံးမှုလိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန်ရည်ရွယ်၍ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှ မတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရက နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota ကို ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဟု သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ်သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာ သန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။
ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးကို နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။



