Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ (Myanmar Rice Conference – 2022) အား အောင်မြင်စွာ ကျင်းပပြီးစီး

မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ (Myanmar Rice Conference – 2022) အား အောင်မြင်စွာ ကျင်းပပြီးစီး


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ကို ဒုတိယနေ့အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟို ဌာန-၂)၌ ကျင်းပခဲ့သည်။


ဆန်စပါးညီလာခံ၏ ဆွေးနွေးပွဲများတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးစိုက်ပျိုး ရေးနှင့် မျိုးစေ့ထုတ်လုပ်မှု အခြေအနေများနှင့် ပတ်သက်သည့် စာတမ်းများကိုလည်းကောင်း၊ ဆန်စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာတမ်းများကိုလည်းကောင်း ဖတ်ကြားခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လက်တွေ့စပါးစိုက်ပျိုးနေသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက် နေမှုအခြေအနေများ၊ ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် ဆန်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမှ ပံ့ပိုးကူညီပေးစေလိုသည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။

 


ထို့နောက် ဆန်စပါးကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက် မြန်မာ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအ‌ခြေအနေများ၊ ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ၏ အခန်းကဏ္ဍများ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) နှင့် ဆန်စပါး ကဏ္ဍဆိုင်ရာ ပို့ကုန်မဟာဗျူဟာတို့နှင့် စပ်လျဉ်းပြီး လက်တွေ့တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနများမှ အကြီးတန်းအရာရှိများက စာတမ်းများ ဖတ်ကြားတင်ပြကြသည်။ အဆိုပါစာတမ်းများနှင့် ဆက်စပ်ပြီး သုံးသပ်ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး အကြံပြုချက်များ တင်ပြခဲ့ကြသည်။


“နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသောခေါင်းစဉ်ဖြင့် အောက်တိုဘာလ (၆) ရက်မှ (၇) ရက်နေ့အထိ ၂ ရက်ကြာကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ သို့ သက် ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ ညီလာခံကျင်းပသည့် ၂ ရက်အတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှု များမှ စိုက်ပျိုးမည့် ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ဒေသနှင့်ကိုက်ညီပြီး စျေးကွက်ကြိုက် နှစ်သက်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးသွားရေး၊ တောင်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဓာတ်မြေသြဇာများ ဝယ်ယူရရှိနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဆန်များ တင်ပို့နိုင်ရေးအတွက် ဆန်စက်များ အဆင့်မြှင့်တင်ရေး၊ ပြောင်းလဲနေသော ပို့ကုန်စျေး ကွက်နှင့် ကိုက်ညီသည့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ပြန်လည်သုံးသပ် အကောင်အထည်ဖော် သွားရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်ပသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ခြင်းကို အစိုးရဌာန များနှင့် ပူးပေါင်းဆောင်ရွက်ရေးသွား အစရှိသည့် အချက်များအပါအဝင် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် သွားရမည့် သုံးသပ်ချက်များအား ဖော်ထုတ်ရရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ညီလာခံအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

Read times Last modified on Saturday, 08 October 2022 10:19
Rate this item
(0 votes)