Myanmar
မန္တလေးပဲကြော် ပြုလုပ်နည်း
အကြော်ကြိုက်နှစ်သက်သူများ ဆိုင်တွင်သွားရောက်ဝယ်စားစရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့
မန္တလေးပဲကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဘိုကိတ်ပဲ၊ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆော်ဒါမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ချင်း၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဘိုကိတ်ပဲကို ညကတည်းက ကြိုပြီး ရေစိမ်ထားပါ။ နောက်ေ်န့မနက် ပဲကိုရေစစ်ပြီး နူးအောင် ပြုတ်ပေးပါ။
ယင်းဘိုကိတ်ပဲကို ပြုတ်ပြီး ဇကာနဲ့ ရေစစ်ထားပါ။ ပြီးလျှင်တော့ ကြိတ်စက်ထဲထည့်ပြီး မညက်တညက် ကြိတ်ထားပါ။
မုန့်နှပ်လုပ်ဖို့အတွက် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆော်ဒါမှုန့်တို့ကို ရေအနည်းထည့်ပြီး နယ်ပေးပါ။
နယ်ပြီးရင်တော့ နာရီဝက်ခန့် နှပ်ထားပေးပါ။
ပြီးနောက် ချင်းကို အတုံးကလေးဖြစ်အောင် တုံးပြီး ကြိတ်စက်ထဲထည့်၍ မညက်တညက် ကြိတ်ပေးပါ။
ပဲကြိတ်ထားတာနဲ့ မုန့်နှစ်စပ်ထားတာကို ရောနယ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် ပဲနဲ့ မုန့်နှစ်ကို သမအောင် ရောနယ်ပေးပါ။ ပြီးလျှင် ချင်းကြိတ်ထားကိုလည်း ရောနယ်ပေးပါ။
ပြီးရင်တော့ အရွယ်တော်အလုံးကလေးတွေဖြစ်အောင် လုံးပြီး ပြားလိုက်ပါ။
ပြီးနောက် ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် ဆီထဲသို့ ထည့်ကြော်ပေးပါ။ ရွှေဝါရောင်သန်းပြီး ကြွပ်လာလျှင်တော့ အရသာရှိတဲ့ မန္တလေးပဲကြော်ကို သုံးဆောင်နိုင်ပါပြီ။