Food & Health
ရဲယိုသီးရဲ့  အကျိုးကျေးဇူးများ
ယနေ့ခေတ်မှာတော့ လူတိုင်းက ရဲယိုသီး ဘယ်လောက် ဆေးစွမ်းထက်တယ်ဆိုတာ လူသိများလာပါပြီ။
ရဲယိုသီးမှာ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေအပြင် ဗီတာမင် အေ၊ စီ၊ သံဓာတ်နဲ့ နိုင်ယာစင်ဓာတ်လည်း ပါဝင်ပါတယ်။ အဆီမပါဘဲ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း
ရဲယိုသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ ပပ်တိုက်နဲ့ အင်ဇိုင်းတွေ ဟန်ချက်ညီညီ ပါဝင်တာကြောင့် သဘာဝ အားဆေးတစ်လက်လို အသုံးဝင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။
အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ရောဂါဝေဒနာ ကင်းစင်ခြင်း
လေ့လာမှုအရ ရဲယိုသီး ဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သဘာဝ အင်တီအောက်ဆီးဒင့်တွေ (ဥပမာ- ဗီတာမင်အီးနဲ့ ကိုအင်ဇိုင်ကျူ ၁၀) ကို အားကောင်းစေတာကြောင့် ရောဂါဝေဒနာတွေ ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။
ပိုးမွှားတွေကို တွန်းလှန်ပေးခြင်း
ရဲယိုမှာ ပါတဲ့ အန်သရိုကွီနုန်း၊ စကိုပိုလက်တင်နဲ့ တာပင်းတို့ဟာ ဘက်တီးရီးယား၊ ဖန်းဂပ်စ်နဲ့ ကပ်ပါးကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းတွေ ရှိတာကြောင့် ပိုးမွှားတွေကို တွန်းထုတ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။
အကျိတ်နဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးခြင်း
လေ့လာမှုအရ ရဲယိုမှာပါတဲ့ အန်သရိုကွီနုန်းဟာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ကင်ဆာဖြစ်စေတဲ့ အရာတွေက DNA ကို ထိခိုက်စေမှု မဖြစ်ခင်မှာ အန်သရိုကွီနုန်းဟာ ကင်ဆာဆဲလ်တွေကို ချေဖျက်စွန့်ထုတ်ပေးတာကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ရဲယိုသီးရဲ့ ကင်ဆာကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကြောင်းရင်းက ကျန်းမာနေတဲ့ ဆဲလ်တွေကို အဆိပ်မဖြစ်အောင် ကာကွယ်ပေးလို့ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ယူဆကြပါတယ်။
သွေးဖိအားကို ထိန်းညှိပေးခြင်း
ရဲယိုဟာ သွေးတိုးနေတဲ့သူတွေရဲ့  သွေးဖိအားကို တည်ငြိမ်အောင် ထိန်းပေးနိုင်တာကို တွေ့ရပါတယ်။
ရောင်ရမ်းမှုကို လျော့ကျခြင်း
ရဲယိုသီးမှ အကိုက်အခဲပျောက်ဆေး NSAIDs လို အစွမ်းမျိုး ပါတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ဟန့်တားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
အကိုက်အခဲ သက်သာခြင်း
ရဲယိုသီးကို အကိုက်အခဲပျောက်ဆေးနဲ့ ခေါင်းကိုက်ပျောက်စေတဲ့ အသီးလို့ ခေါ်ဆိုကြပါတယ်။ ရှေးခေတ်လူတွေက နာကျင်ကိုက်ခဲနေတဲ့ အဆစ်တွေကို ရဲယိုရွက်အုပ်ပြီး သက်သာအောင် ကုသခဲ့ကြတယ်လို့ သိရပါတယ်။ ရဲယိုမှာ အကိုက်အခဲပျောက်စေတဲ့ အစွမ်းတွေ ရှိပါတယ်။ အကိုက်အခဲသက်သာစေတဲ့ မော်ဖင်းဆာလဖိတ် (Morphine Sulfate) အာနိသင် ၇၅ ရာခိုင်နှုန်း ရှိပါတယ်။
Read More >>>>> ထောပတ်သီး၏ အကျိုးကျေးဇူးများ



