Food & Health
မှတ်ဥာဏ်တိုးစေတဲ့ စားဖွယ်စုံ
လူတိုင်း "အစာလည်းဆေး ဆေးလည်းအစာ” ဆိုတာ လက်ခံထားကြပါတယ်။ ဒီအထဲကမှ မှတ်ဥာဏ်ကိုတိုးစေတဲ့ စားဖွယ်များအကြောင်း ဗစ်ဖူရီစိန့်လူးဝစ်ရှိ "သိပ္ပံနည်းကျ ဇရာဗေဒသုတေသန” ရဲ့ ဒေါက်တာဝီလျှံကော့ က တွေ့ရှိထားပါတယ်။
နေ့စဉ်စားသောက်နေကျ အသားဓာတ်၊ ကစီဓာတ်၊ အဆီ၊ ဗီတာမင်ဓာတ်တွေက ရုပ်စိတ်နှစ်ပါးဖွံ့ဖြိုးမှုအတွက် သင့်လျော်ပါတယ်။ ယင်းတို့က ဟော်မုန်းတွေဖြည့်ဆည်းပေးရင်း စိတ်ကိုနိုးကြားစေကြောင်း စိတ်စူးစိုက်မှု၊ မှတ်ဥာဏ်မြင့်မားစေကြောင်း တွေ့ရပါတယ်။
ဗာဒံစေ့၊ ပန်းသီး၊ ဇာတိပ္ဖိုလ်သီး၊ မြင်းခွာရွက်၊ ပင်စိမ်းစေ့၊ ငရုတ်ကောင်း၊ လီမွန်သီး၊ မီးစုန်းကြွယ်ဝတဲ့ ပန်းသီး၊ နဂါးမောက်သီး၊ ရို့စမေရိ၊ ပင်စိမ်း၊ သစ်ကြားသီးတို့ဖြစ်ပါတယ်။
ဗာဒံသီး
ဗာဒံသီးက မှတ်ဥာဏ်တိုးစေတဲ့ အရေးကြီးဆုံး အခွံမာသီးဖြစ်တယ်။ ဦးနှောက်အားနည်းလို့ မှတ်ဥာဏ်ဆုံးရှုံးခြင်းကို ကုသရာမှာ အထူးကောင်းမွန်ပါတယ်။ ဦးနှောက်ချို့ ယွင်းမှုကို ဖယ်ရှားနိုင်တယ်။ အာရုံကြောစနစ် ချို့ ယွင်းရာမှ အစွမ်းထက်တယ်။ ဗာဒံသီးကို ရေထဲ နှစ်နာရီလောက်စိမ်ထားရင် အနီရောင်အလွှာပါးကျွတ်ပြီးကျောက်တုံးနဲ့ ခြေ၊ နူးညံ့တဲ့အနှစ်ရအောင်လုပ်၊ နံ့သာဖြူမှုန့်၊ ထောပတ်တို့နဲ့ ရောနှောသုံး (သို့) သူ့ချည်းသက်သက်သုံး၊ ဗာဒံစေကို စက်နဲ့ကြိတ် ရေအေးလောင်းထည့်ကာ ဗာဒံနို့အဖြစ်သုံးစွဲနိုင်ပါတယ်။ ဦးနှောက်အားနည်းလို့ ဆေးကုသရင် အကျိုးများစေတယ်။
ပန်းသီး
ပန်းသီးကတော့ သူ့မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက အာရုံကြောဆဲလ်များ စုတ်ပြဲခြင်း၊ ချို့ ယွင်းခြင်းကို ကာကွယ်ထိန်းသိမ်းပေးတဲ့ အားဖြည့်စားဖွယ်ဖြစ်တယ်၊ ပန်းသီးမှာပါတဲ့ ဓာတုပစ္စည်း အိုင်းယွန်း၊ ဘိုရွန်တို့က လျှပ်စစ်ဓာတ်လှုပ်ရှားမှုကိုဖြစ်စေပါတယ်။
ရှိန်းခို
ရှိန်းခိုက ဦးနှောက်ပြန်နိုးကြားစေတဲ့စနစ်ကို ရှင်သန်စေပြီး မှတ်ဥာဏ်ကို မြင့်မားစေပါတယ်။ စိတ်အားတိုးဆေးအဖြစ် အမှုန့်ပြုပြီး သုံးနိုင်တယ်။ ရှိန်းခိုမှုန့်တစ်ဇွန်းခွဲနဲ့ ရေဆူဆူနှစ်ခွက်ဖျော်ကာ အေးစေပြီး စားပွဲတင်ဇွန်းနဲ့ အကြိမ်များစွာ သောက်သုံးရရင် မှတ်ဥာဏ်ကို ထက်သန်စေပါတယ်။
မြင်းခွာရွက်
မြင်းခွာရွက်က လူ့မှတ်ဥာဏ်ကို တိုးစေကြောင်းနဲ့ အိန္ဒိယမှာ သုံးစွဲလေ့ရှိကြောင်း သိရပါတယ်။ မြင်းခွာရွက်မှုန့်လုပ်ပြီး နို့နဲ့ သောက်သုံးနိုင်ပါတယ်။ မြင်းခွာရွက်ကို ရေနဲ့ရော၊ ပျားရည်ထပ်ဖြည့်ရင်း နံနက်စောစောသောက်ပေးပါက မှတ်ဥာဏ်စူးစိုက်မှုတိုးစေပါတယ်။
ပင်စိမ်း
ပင်စိမ်းစေ့က မှတ်ဥာဏ်အတွက် အားကောင်းစေတယ်။ ဦးနှောက်ပင်ပန်းခြင်းကို သက်သာစေပါတယ်။ စိတ်မြင့်မားတက်ကြစေတယ်။ ပင်စိမ်းရွက်က မှတ်ဥာဏ်ချို့ ယွင်းကုသရာမှာ သုံးနိုင်တယ်။ ရေဆူဆူတစ်ခွက်မှာ ပင်စိမ်းခြောက်ထည့်ကာ ပြုလုပ်သောက်သုံးနိုင်ပါတယ်။ ပျားရည်ထည့်ကာ သောက်သုံးနိုင်ပါတယ်။
သစ်ကြားသီး
သစ်ကြားသီးကတော့ ဦးနှောက်အားနည်းပြီး မှတ်ဥာဏ်နည်းပါးတဲ့ သူတွေအတွက် အသုံးပြုတယ်။ တည်သီး၊ သဖန်းသီးခြောက်၊ စပျစ်သီးခြောက်တို့နဲ့ တွဲဖက်စားသုံးရင် ပိုမိုအစွမ်းထက်တယ်။
မုန်ညှင်းစေ့
မုန်ညှင်းစေ့ကလည်း ဦးနှောက်လေဖြတ်ကာ အသိဥာဏ်ယုတ်လျော့တဲ့နေရာမှာ သုံးစွဲနိုင်ပါတယ်။ မုန်ညှင်းဆီလိမ်းပေးရင် သေနေတဲ့အကြော ပြန်နွေးလာကာ အားအင်သစ်ရလာနိုင်ပါတယ်။
အစာအာဟာရမျှတအောင် စားသုံးရာမှာ အင်အားဖြစ်ထွန်းစေတဲ့ အစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စု ရောဂါဘယကာကွယ်စေတဲ့အုပ်စုဆိုပြီး ခွဲခြားထားပါတယ်။
အင်အားဖြစ်စေတဲ့ အစာတွေကတော့ အာလူး၊ ထောပတ်၊ ကောက်ညှင်း၊ မုန့်ဖတ်ထုပ်၊ ဘီစကစ်၊ ထန်းလျက်၊ သကြားလုံး၊ ကြံသကာ၊ မပြည့်ဝဆီ (နှမ်း၊ မြေပဲ) တို့ ပါဝင်ပါတယ်။
ခန္ဓာကိုယ်ကြီးထွားစေတဲ့အစာတွေကတော့ အသားအမျိုးမျိုး၊ ကြက်၊ ဘဲ၊ ငါး၊ ပုစွန်ခြောက်၊ ငါးကလေး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးတို့ ပါဝင်ပါတယ်။
ရောဂါဘယကာကွယ်စေတဲ့အစာအုပ်စုကို ၃ စုခွဲခြားနိုင်ပါသေးတယ်။ စိမ်းလန်းတဲ့ ဟင်းရွက်များအုပ်စုတွင် ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ မြင်းခွာရွက်တို့ ပါဝင်ပါတယ်။
အခြားဟင်းသီးဟင်းရွက်အုပ်စုတွင် ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ မရမ်းသီး၊ ခရမ်းသီးတို့ ပါဝင်ပါတယ်။ သစ်သီးများအုပ်စုတွင် ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သရက်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ပန်းသီးတို့ ဖြစ်ကြပါတယ်။
ဟင်းသီးဟင်းရွက်မှာ အစာမချေဖျက်နိုင်တဲ့အမျှင်တွေပါဝင်လို့ ၀မ်းမှန်မှန်သွားစေခြင်း၊ ၀မ်းဖောဖောသွားစေခြင်းစတဲ့ ကောင်းကျိုးတွေဖြစ်သလို အူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးနိုင်လို့ စားသင့်ပါတယ်။
ကစီဓာတ်ပါတဲ့ နှံစားပြောင်း၊ ဂျုံ၊ ဆန်တို့ဟာ အဆီဓာတ်ထက် စွမ်းအင်ပိုနည်းတယ်။ စွမ်းအင်ကို ကယ်လိုရီနဲ့တိုင်းတယ်။ ကယ်လိုရီဆိုတာ ရေ ၁၀၀၀ စီစီကို (၁၄-၁၅) ဒီဂရီစင်တီဂရိတ်တိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ အပူပမာဏဖြစ်တယ်။
လူတိုင်းမှာ မှတ်ဥာဏ်တစ်ပြေးတည်းမဟုတ်ပါဘူး။ မှတ်ဥာဏ်ပုံမှန်ရှိတဲ့သူတွေအတွက် မထောင်းသာပေမယ့် မှတ်ဥာဏ်နည်းသူတွေအတွက် ဖော်ပြခဲ့တဲ့ အစားအစာတွေကို စားသောက်စေသင့်ပါတယ်။
ဒေါက်တာလွင်သန့် - ဆေး(၂)
Source: Democracy



