Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်မြို့ မင်္ဂလာဈေးဝင်းအတွင်းရှိ ဈေးအားလုံးကို တစ်ပြိုင်တည်းဖွင့်ရန် စီစဉ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဆင့်မြင့်မင်္ဂလာဈေးအပါအဝင် အဆိုပါ ဝင်းအတွင်းရှိ ဈေးအားလုံးကို

ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်ဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးလှဌေးက ပြောသည်။

“ဈေးတွေကို ပြန်ဖွင့်ဖို့ ကြိုးစားဆောင်ရွက်တာကတော့ ဈေးတွေပိတ်ထားတာက သုံးလကျော် လေးလ ထဲ ရောက်သွားပြီဆိုတော့ ဈေးသူဈေးသားတွေ ဆိုင်ခန်းဖွင့်လှစ်ရောင်းချတဲ့သူတွေမှာ နစ်နာမှုတွေ အများကြီး ရှိလာတယ်။ အဓိကဆိုင်တွေမှာ မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ အလုပ်သမား ဝန်ထမ်းတွေ၊ သူတို့ရဲ့မိသားစုတွေလည်း စားဝတ်နေရေး အတော်လေး အခက်အခဲဖြစ်နေတာ တွေ့ရ တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဒီဈေးကြီးကို ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဉီးလှဌေးက ပြောပြသည်။
အဆင့်မြင့် မင်္ဂလာဈေးအပါအဝင် အဆိုပါ ဝင်းအတွင်းရှိ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ ယာယီ မင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့ကို တစ်ပြိုက်နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါဈေးများကို စက်တင်ဘာ ၁၂ ရက်တွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားသည့် ဧပြီလထဲတွင် လည်း ယင်းဈေးများကို ယာယီပိတ်ထားခဲ့ရကြောင်း၊ ယုဇနပလာဇာကဲ့သို့ လေးလကြာ အရောင်း၊ အဝယ်ရပ်နားထားခဲ့ရကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ အသုံးအနှုန်းလေးရှိတယ်။ ကျွန်တော့်အနေနဲ့ ဒီအပေါ်နားလည်တာက ကိုဗစ်-၁၉ ရောဂါကို ကူးစက်မှုမဖြစ်အောင် ပိုပြီးကာကွယ်စောင့်ရှောက်ရမယ်။ တစ်ဘက်ကလည်း စားဝတ် နေရေး အစစအရာရာ အဆင်ပြေအောင် လှုပ်ရှားသွားလာရပ်တည်ရမယ်။ ဒါ့ကြောင့် အများပြည်သူ စားဝတ်နေရေး ပြေလည်ဖို့နဲ့ ဒုက္ခရောက်နေတဲ့သူတေွ အဆင်ပြေဖို့ လုပ်ကိုင်းရင်းနဲ့ ကိုဗစ်ရောဂါ ကာကွယ်မှုကိုလည်း ဈေးတွေမှာ တစ်ခါတည်းဆောင်ရွက်သွားမှာဖြစ်တယ်။ ပြောရရင် ကိုဗစ် ရောဂါကိုလည်း ကာကွယ်မယ်၊ တစ်ဖက်မှာလည်း လုပ်ငန်းတေွလည်ပတ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ရည်ရွယ်ပြီးတော့ ဒီဈေးတွေကို ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ထပ်မံရှင်းပြသည်။
ဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြကာ လမ်းညွှန်မှုများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ကော်မတီကလည်း ဈေးများပြန်လည်ဖွင့်လှစ်နိုင်ရေး ခွင့်ပြုပေးထားပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှုနှင့်အညီ ခွင့်ပြုပါက လာမည့် ဇန်နဝါရီ ၁၄ ရက်တွက် အဆိုပါဈေးများကို စည်းကမ်းချက်များနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ဈေးများတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး ဇန်နဝါရီ ၁၄ ရက် ပြန်ဖွင့်ဖြစ်ပါက ဈေးများ၏ အထပ်အလွှာတိုင်းတွင် ဈေးသူ ဈေးသားများပါဝင်သော ကိုဗစ်-၁၉ ကာကွယ်ရေး အဖွဲ့များကို အထပ်တိုင်းဖွဲ့ကာ အထပ်တိုင်းလှည့်ပတ်သွားလာပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်သော လိုအပ်ချက်များကို နှိုးဆော်လုပ်ဆောင်ကာ စောင့်ကြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသာ ခွင့်ပြုသွားမည်ဖြစ်ကာ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမှသာ ယခင်အတိုင်း နံနက် ၈ နာရီမှ ၆ နာရီအထိ ပြန်လည်ခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။

MDN

 
Read times Last modified on Saturday, 09 January 2021 21:05
Rate this item
(1 Vote)