Food & Livestock
ဒူဘိုင်းနိုင်ငံ၌ကျင်းပမည့် Sea Food Show တွင် မြန်မာ့ ရေထွက်ကုန်ပစ္စည်းအပြင် ဆော်ဒီအာရေဗျနိုင်ငံသို့ ငါးပြန်လည်တင်ပို့နိုင်ရန် ဆောင်ရွက်မည်
ဒူဘိုင်းနိုင်ငံ၌ အောက်တိုဘာလတွင်ကျင်းပမည့် ရေထွက်ကုန်ပစ္စည်းပြပွဲ (Sea Food Show) တွင် မြန်မာ့ရေထွက်ကုန် ပစ္စည်းများ ပါဝင်ပြသရောင်းချမည့်အပြင်
ဆော်ဒီအာရေဗျနိုင်ငံသို့ ငါးပြန်လည်တင်ပို့နိုင်ရန် တစ်ပါတည်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရပါတယ်။
''ဒူဘိုင်းနိုင်ငံမှာကျင်းပမယ့် Sea Food Show ကို မြန်မာနိုင်ငံရေထွက်ကုန်ပစ္စည်း ထုတ်လုပ် သူတွေနဲ့ ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌကိုယ်တိုင် သွားရောက်မှာပါ။ ဒီအဖွဲ့သွားရင် ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ဆော်ဒီအာရေဗျနိုင်ငံကို ငါးပို့နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဦးဆောင်လိုက်ပါပြီး ဆော်ဒီအာရေဗျနိုင်ငံကို ငါးပို့ဖို့ အခြေအနေ တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှာပါ'' ဟု ဦးဝင်းကြိုင်က ပြောပါတယ်။
အဆိုပါ Sea Food Show သို့ ငါးတင်ပို့ရောင်းချသူများ လိုက်ပါပြီး ၎င်းတို့လိုအပ်သည်များ၊ ဆော်ဒီအာရေဗျနိုင်ငံမှ တောင်းဆိုချက်များတွင် မည်သည့်အရာများ ဆောင်ရွက်ပေးရမည်ကို တင်ပြမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဆော်ဒီအာရေဗျနိုင်ငံမှ ငါးတင်ပို့မှုကို ရပ်ဆိုင်းထားသည့် အတွက် ငါးဈေးကွက်မှာ ဖရိုဖရဲဖြစ်ပြီး မွေးမြူသူများ အနေဖြင့် အခက်အခဲကြုံနေရကြောင်း သိရပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံသည် မြန်မာ့ရေထွက်ကုန်ပစ္စည်းများ ဧပြီလဆန်းမှစ၍ တင်ပို့ခွင့်မပြု တော့ဘဲ ကန့်သတ်ထားခြင်းဖြစ်သည်။ ဒူဘိုင်းနိုင်ငံ၌ အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နိုင်ငံတကာမှ လာရောက်ပြသမည့် ကြီးကျယ်ခမ်းနားသော Sea Food Show ကို ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ဝင်ရောက်ပြသမည်ဖြစ်ကြောင်း သိရပါတယ်။
Source: Myawady



