Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၁၀ နှစ်အတွင်း စပါးအထွက်နှုန်း ပုံမှန်သာဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် ရာသီ ဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များကြောင့် စပါးအထွက်နှုန်း

လျော့လာသည်ဟု ခန့် မှန်းပြောဆိုမှုများသည် မဟုတ်မှန်ဘဲ ဆယ်စုနှစ်တစ်ခုအတွင်း စပါးအထွက်နှုန်း ပုံမှန်သာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

 

‘‘ဒေသတစ်ခုချင်းအလိုက် အထွက်နှုန်းနည်းနည်းကျတာမျိုး ရှိရင်ရှိမှာပါ။ ဒါပေမဲ့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ပြန်တွက်ရင် အထွက်နှုန်းသိသိသာသာလျော့ တာမျိုးက ဆယ်စုနှစ် တစ်ခုအ တွင်းမရှိပါဘူး။ တိုးလည်း နည်းနည်း၊ များလည်း နည်းနည်းပါပဲ။

 

စပါးအထွက်နှုန်းတိုးဖို့၊ လျော့ကျလာခြင်းမရှိဖို့ ၀န်ကြီးဌာနက တောင်သူပညာပေးလုပ်ငန်းတွေ ပုံမှန်လုပ်နေတာရှိပါတယ်။ ဒီနှစ်တော့ စပါးအထွက်နှုန်းတိုးလာဖို့ မှန်းထားပါတယ်’’ဟု ဦးမျိုးတင့်ထွန်းက ပြောသည်။

 

စပါးထွက်ရှိမှုပမာဏသည် ၂၀၀၅ မှ ၂၀၁၅ အတွင်း တန်ချိန် ၂၇ သန်းမှ ၂၉ သန်းအတွင်း ပုံမှန်ရှိနေပြီး စပါးစိုက်ဧကတိုးချဲ့ရန် မြေလွတ်နည်းပါးလာ၍ စိုက်ဧက ပမာဏလည်း သိသိသာသာ တိုး တက်လာခြင်းမရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်း စပါးစိုက်ဧက ဟက်တာ ၇ ဒသမ ၁ သန်းရှိခဲ့ပြီး ထွက်ရှိသည့် စပါးအရေအတွက်သည် တန်ချိန် ၂၈ ဒသမ ၁ သန်းရှိ သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း စပါးစိုက်ဧက ဟက်တာ ၇ ဒသမ ၂ သန်းရှိခဲ့ပြီး ထွက်ရှိ သည့် စပါးအရေအတွက်သည် တန်ချိန် ၂၈ ဒသမ ၂ သန်းရှိသည်။

 

‘‘စပါးအထွက်နှုန်းတွေ သိသိသာသာကျတာတော့မရှိဘူး။ ရာသီဥတုဒဏ်ခံရပြီး အထွက် လျော့ခဲ့တာတွေရှိပေမယ့် တစ် ဒေသနဲ့ တစ်ဒေသ မတူဘူး။ အ ကြမ်းဖျင်းအားဖြင့်ဆို ပေါ်ဆန်း တစ်ဧကကို တင်း ၄၀ ကနေ ၅၀ လောက်အထိထွက်ပြီး ရက် ၉၀ နွေစပါးဆိုရင် တင်း ၁၀၀ လောက် ထိ အများဆုံးထွက်တယ်’’ ဟု ဒေးဒရဲမြို့နယ် ဒေသခံတောင်သူ ကိုကျော်ထက်က ပြောသည်။

 

ဒေသအလိုက် နွေစပါး၊ မိုး စပါး နှစ်ရာသီစိုက်ပျိုးသည့်ဒေသ များရှိသကဲ့သို့ နွေစပါးသာ စိုက်ပျိုးသည့်ဒေသနှင့် မိုးစပါးသာစိုက်ပျိုးသည့် ဒေသများ ရှိသည်ဟု သိရသည်။

 

ဧရာဝတီတိုင်းတွင် ရွှေခရုများ ကျရောက်နေ၍ စပါးအထွက်နှုန်း ထိခိုက်မည်ကို တောင်သူများ စိုးရိမ်ပူပန်မှုရှိနေသည်ဟု တောင်သူကိုကျော်ထက်က ဆိုသည်။၂၀၁၆ ဇူလိုင်အတွင်းက မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ခံခဲ့ရသည့် ဒေသများအနက် မြန်မာနိုင်ငံတွင် စပါး အများဆုံးထွက်ရှိသည့် ဧရာဝတီတိုင်းသည် အဆိုးဝါးဆုံးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ထို့ အပြင် ဧရာဝတီတိုင်းတွင် စပါးခင်းဧက ၅,၀၀၀ ကျော် ရွှေခရု ကျရောက်ခဲ့၍ ဧက ၅၀၀ ခန့် ပျက်စီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးမွှားသီးနှံကာကွယ်ရေးဌာန စာရင်းများအရ သိရသည်။ မေလအတွင်းက ဧက ၁,၂၀၀ ခန့် တွင် ရွှေခရုများ ကျရောက်ခဲ့ပြီး ကာကွယ်မှုများ လုပ်နိုင်ခဲ့သဖြင့် အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးများကြောင့် တောင်သူများ အ ကျိုးစီးပွားနစ်နာမှုမရှိစေရန် သီးနှံအာမခံလုပ်ငန်းကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရသို့ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ဇွန်လ ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထောက်ခံကာ အကောင်အထည်ဖော်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

Read times Last modified on Monday, 17 September 2018 14:37
Rate this item
(0 votes)