Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တံတားဦး မန်ကျီးတော ပဲမြစ် အဖွင့်ဈေးကောင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မန်ကျီးတောကျေးရွာနှင့် အခြားကျေးရွာများတွင် စက်စွမ်းအားဖြင့် ရေတင်ကာ စိုက်ပျိုးထားသည့် ပဲမြစ်စိုက်ခင်းများမှ ပဲမြစ်များ လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့်ဈေး ပဲမြစ်ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ အလတ်စ တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဖြင့် တွင်ကျယ်စွာ ရောင်းချလျက်ရှိကြောင်း တံတားဦးမြို့ ဧရာဝတီ မကျီးတော ပဲမြစ်ရောင်းဝယ်ရေး ကိုနေဝင်းထံမှ သိရသည်။
 

 

ယခုနှစ် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် မန်ကျီးတော ပဲမြစ်များကို မန္တလေးမှထွက်သည့် ကားဂိတ်ရှိရာ မြို့တိုင်း ငါးပိဿာအထက်မှာယူပါက အရောက်ပို့စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
 
တံတားဦးမြို့နယ်ရှိ ယာမြေများတွင် ပဲမြစ်ကို ဝါဆိုလမှ စတင်စိုက်ပျိုးကြသည်။ ယခုနှစ်တွင် မိုးခေါင်သည့်အတွက် ရံဖန်ရန်ခါ ရေစက်ဖြင့် ရေတင်ပေးကြရသည်။ တံတားဦးမြို့နယ်အတွင်းမှ ပဲမြစ်စိုက်ခင်းများမှာ အဦးဆုံး စိုက်ပျိုးသည့်အတွက် နှစ်စဉ် ပဲမြစ်များ ဈေးကောင်းရလေ့ရှိသည်။ ပဲမြစ်စိုက်ပျိုးမှုတွင် နွေရာသီမှစတင်ကာ ထယ်ရေးပြုပြင်မှုများ ပြုလုပ်ထားရပြီး စိုက်ပျိုးကြရသည်။ မိုးကျလာသည့်အခါတွင် ထယ်ရေးပြင်ပြီးသား ယာမြေများကို ထွန်ယက်ကာ ထွန်များဖြင့် ပေါင်တင်ကာ စိုက်ပျိုးကြသည်။ ပေါင်တစ်ပေါင် အကွာအဝေးမှာ တစ်ပေခန့်ခြားကာ ပေါင်များကို ပြုလုပ်ပေးကြရသည်။ ပဲမြစ်မျိုးစေ့စိုက်ပျိုးရာတွင် ပေါင်ပေးထားသည့်အပေါ်တွင် တစ်ကျင်းနှင့် တစ်ကျင်း တစ်ထွာခန့်ခွာကာ ကျင်းယက်ကာ စိုက်ပျိုးကြကြောင်း သိရသည်။
 
စိုက်ကျင်းတစ်ကျင်းလျှင် ပဲမြစ်မျိုးစေ့ ငါးစေ့ခန့် စိုက်ပျိုးပေးရသည်။ လက်ဖြင့် ကျင်းယက်ကာ စိုက်ပျိုးပြီးပါက ပေါင်ပေးသည့် ထွန်သွားဖြင့်ပင် ပေါင်မပျက် ထပ်မံဖုံးအုပ် ထွန်ပေးကြရသည်။ စိုက်ပျိုးပြီး တစ်ပတ်ကျော်တွင် အပင်ပေါက်လာသည်။ အပင်အနည်းငယ်ကြီးသည်နှင့် မြက်ပေါင်းရှင်းခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းပေါက်ခြင်းများ ပြုလုပ်ပေးရသည်။
 
ပဲမြစ်စိုက်ခင်းများမှာ မိုးကိုအခြေပြု စိုက်ပျိုးကြရသည်။ ပဲမြစ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့တစ်တင်းကျော် စိုက်ပျိုးကြရသည်။ ပဲမြစ်မျိုးစေ့တစ်တင်းလျှင် ငွေကျပ်တစ်သိန်းနှုန်း ပေးရသည်။ ပဲမြစ်ကောင်းပါက တစ်ဧကလျှင် ပဲမြစ်ပိဿာ ၁၅၀၀ မှ ၂၀၀၀ အထိထွက်သည်။ လက်ရှိကာလ မန်ကျီးတော ပဲမြစ်များ လှိုင်လှိုင်ပေါ်နေသည့်အတွက် ပဲမြစ်စိုက်ပျိုးသူ၊ ပဲမြစ်အငှားတူးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
 
MDN
Read times
Rate this item
(0 votes)