Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကျင်းပ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို  ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည်။

ရှေးဉီးစွာ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Video ဖြင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို အားထားလုပ်ဆောင်ရသော နိုင်ငံဖြစ်ပြီး ဆန်စပါးသည် တောင်သူ လယ် သမား များ အတွက်လည်းကောင်း၊ ပြည်သူများ ဖူလုံစွာ စားသုံးရန်အတွက် လည်းကောင်း၊ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန် အတွက်လည်းကောင်း အရေးပါအဓိကကျသော လယ်ယာထွက်ကုန် သီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်‌ရေး ကာလတွင် ရင်ဆိုင်‌နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးတို့အတွက် ‌ပေါ်ထွက်လာ နိုင်မည့် အခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ သီးနှံများအထွက်နှုန်းနှင့် ထုတ်လုပ်မှုနှုန်း တိုးတက်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းစေရေး၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် ထောက်ပံ့ပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်စေရေး၊ ထုတ်လုပ်မှု အရည်အသွေး တိုးတက်စေရေး၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချ စားသုံးနိုင်ရေးတို့သည် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ ပြည်တွင်းထုတ်လုပ်မှု အရည်အသွေး တိုးတက် လာခြင်း၊ သန့်ရှင်းလတ်ဆတ် ဈေးသက်သာစွာ စားသုံးနိုင်ခြင်းတို့အပြင် အရည် အသွေးအရ၊ ဈေးနှုန်းအရ ကမ္ဘာ့ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်၊ ပြည်ပနိုင်ငံများမှ နည်းပညာအကူ အညီများရရှိရန်နှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် အလေးထား ဆောင်ရွက်နေပါကြောင်း။

ထို့ပြင် နိုင်ငံတကာကုန်စည်ပြပွဲများသို့ သွားရောက်ပြသခြင်း၊ ခေတ်မီအိုင်တီနည်း စနစ်ကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများကို အွန်လိုင်းစနစ်ဖြင့် ပြသဈေးကွက် ရှာဖွေခြင်း၊ ပုဂ္ဂလိက ကုန်သည်အသင်းအဖွဲ့များကလည်း အင်တိုက်အားတိုက် ဈေးကွက် ရှာဖွေကြသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများနှင့် ချိတ်ဆက်ဆွေးနွေး ညှိနှိုင်း၍ ဈေးကွက်တိုးချဲ့ ရှာဖွေလျက်ရှိရာ ဆန်စပါးကဲ့သို့သော သမရိုးကျ တင်ပို့နေသည့် လယ်ယာထွက်ကုန် သီးနှံများအပြင် သီးနှံပို့ကုန်အမယ်သစ်များ၊ ဈေးကွက်အသစ်များရရှိခြင်း အစရှိသည့် အောင်မြင်မှုများ ရလျက်ရှိပါကြောင်း။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ တွင်လည်း ဆန်စပါးကဏ္ဍကို ဦးစားပေးအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီ (၄၃) ခုနှင့် ဆန်စက်ပေါင်း (၇၉) စက်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ သို့ ဆန်တန်ချိန် (၂၀၀) လှူဒါန်းခဲ့ပြီး ဘမ်ကိုမုန်တိုင်းဒဏ်ခံရသည့် ဖိလစ်ပိုင် နိုင်ငံသို့ လည်း ဆန်တန်ချိန် (၂၀၀) လှူဒါန်းနိုင်ရန် ပူးပေါင်းစီစဉ်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများရိက္ခာ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော် အနေဖြင့် အရန်ဆန်ဝယ်ယူ ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပူးပေါင်း ပါဝင်ဆောင် ရွက်ပေးခဲ့မှု၊ ပြည်သူများသို့ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့မှု၊ ဆန်နှင့်အခြေခံစား ကုန်များ လှူဒါန်းသည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ခဲ့မှုများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ ကြောင်း။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများ အကျိုးကို ယခုထက် ပို၍ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများ၊ သတင်းအချက် အလက် နှင့်နည်းပညာ စုဆောင်းဖြန့်ဝေရေးလုပ်ငန်းများကို ဆန်စပါးဆိုင်ရာအသင်းများ၊ တောင်သူ လယ်သမားများနှင့် နီးနီးကပ်ကပ်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဆန်စပါးလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဉက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က Video ဖြင့် အမှာစကားများပြောကြားခဲ့ကြပြီး အခမ်းအနား၏ သဘာပတိနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဉက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တာဝန်ရှိသူများက သက်ဆိုင်ရင်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ အသင်းချုပ် နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဆန်စပါး ဆိုင်ရာပညာရှင်များ၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။

MDN

Read times
Rate this item
(0 votes)