Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးဈေး ကြမ်းခင်းတန်ဖိုးသတ်မှတ်ချက် လယ်သမားတွေ မျှော်လင့်တာထက်နည်း

၂၀၂၁ ခုနှစ် မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါးအတွက် စပါးတင်း ၁၀၀ ကြမ်းခင်းဈေးတန်ဖိုးကို ၅၄၀,၀၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒီဈေးဟာ သူတို့ မျှော်လင့်ထားတဲ့ ဈေးထက် နည်းနေတယ်လို့ တောင်သူတွေက ပြောကြပါတယ်။ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာဖြစ်လို့ ဒီဈေးနှုန်းနဲ့သာ ရောင်းရမယ်ဆိုရင် အရှုံးပေါ်ဖို့ သေချာတယ်လို့ လယ်သမားတွေ ပြောနေကြတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ မိုးစပါးနဲ့နွေစပါး ကြမ်းခင်းဈေးကို သက်ဆိုင်ရာအာဏာပိုင်တွေက နှစ်တိုင်း သတ်မှတ်ပေးပါတယ်။ ၂၀၂၁ ခုနှစ် မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါး တင်း ၁၀၀ အတွက် ကြမ်းခင်းတန်ဖိုးကို ကျပ် ၅၄၀,၀၀၀ အဖြစ် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့က သတ်မှတ်လိုက်တာဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ လယ်သမားတွေ အကြပ်အတည်းနဲ့ ပိုပြီးရင်ဆိုင်ရနိုင်တယ်လို့ ဧရာဝတီတိုင်းက လယ်သမားတွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း စပါးတင်း ၁၀၀ ကို ၅ သိန်းဝန်းကျင်ဈေးတွေ သတ်မှတ်ပေးခဲ့ပေမဲ့ လက်ရှိမှာ လောင်စာဆီ တပီပါကို ကျပ် ၃၀၀,၀၀၀ ကျော်နေပြီး ဓာတ်မြေဩဇာကလည်း ဧရာဝတီတိုင်းမှာ တအိတ်ကို ကျပ် ၆၀,၀၀၀ ရှိနေချိန်မို့ လယ်သမားတွေ အခက်တွေ့နေတာပါ။ မနှစ်ကတော့ ဒီဈေးတွေရဲ့ သုံးပုံတပုံနှုန်းပဲ ရှိတာပါ။

တခြား အထွေထွေကုန်ကျစရိတ်တွေပါ ထည့်ပေါင်းမယ်ဆိုရင် စပါးတင်း ၁၀၀ ကို ၆၀၀,၀၀၀ ကျော်ရမှ အဆင်ပြေလိမ့်မယ်လို့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က လယ်သမားဦးစံတင်က ဗွီအိုအေ ကို ပြောပါတယ်။

“၆ သိန်းရဲ့ အထက်မှာရှိနေမှ လယ်သမားတွေက အရင်းပြန်ရရုံပဲရှိမှာ။ ဒါ ကိုယ့်ငွေနဲ့ကိုယ် လုပ်ထားတဲ့ လယ်သမားကြီးတွေအဖို့ ပြောတာ၊ ကျန်တဲ့ လယ်သမားတွေ မပါသေးဘူး။ အခုဖြစ်နေတဲ့ ဈေးနဲ့ ဆိုရင် လယ်သမားတွေက သေချာပေါက်ရှုံးဖို့ပဲ တွက်ထားပြီးသားလေ အကုန်လုံးက။”

မိုးစပါးတဧကရဲ့ စိုက်ပျိုးစရိတ်က ကျပ် ၃၅၀,၀၀၀ လောက်ရှိပါတယ်။ တဧကအထွက်က ပျမ်းမျှ တင်း ၆၀ လောက်ပဲ ရှိတဲ့အတွက် စပါးတင်း ၁၀၀ ကို ၅၄၀,၀၀၀ ပဲရမယ်ဆိုရင် လယ်သမားတွေ အရှုံးပေါ်နိုင်ပါတယ်။ ကုန်ကျစရိတ်နဲ့ မကိုက်တဲ့အခြေအနေမို့ လာမယ့်နွေစပါးကျရင် လယ်စိုက်သူ အတော်နည်းသွားနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအဖွဲ့ချုပ်ရဲ့ ဧရာဝတီတိုင်း တာဝန်ခံ မန်းအောင်ငြိမ်းက ပြောပါတယ်။

“မနေ့က ထုတ်ပြန်ချက်က ၅၄၀,၀၀၀ ဆိုတာ ဘယ်လိုမှ တွက်ခြေမကိုက်တဲ့ဈေးပဲ။ လယ်သမားတွေကတော့ ကိုယ့်လယ်ယာ ကိုယ်မစိုက်ရရင် မနေနိုင်ဘူးဗျ။ ကိုက်တာ မကိုက်တာ တွက်တဲ့သူလည်း တွက်တာပေါ့ဗျာ၊ တချို့ကျတော့လည်း ဖြစ်လာမှ ကြည့်လုပ်မယ်ဆိုတဲ့ လူလည်းရှိတယ်။ စိုက်တော့စိုက်မယ် ဒါပေမဲ့ နည်းသွားမယ်ပေါ့ဗျာ၊ နွေစပါးက ကျနော်ထင်တယ်၊ တဝက်နည်းပါးလောက် နည်းသွားနိုင်တယ်။ လယ်သမားတွေကတော့ သိတဲ့အတိုင်းပဲ ပိုက်ဆံက နဂိုကတည်းက လိုနေတာဆိုတော့ အကြွေးတွေက အတိုးတွေ တက်မှာစိုးလို့ ရောင်းရတော့တာပေါ့ဗျာ၊ နောက်ဆုံး မဖြစ်မနေ ရောင်းရတာပေါ့ဗျာ။”

လက်ရှိ ပြည်တွင်းဈေးကွက်မှာ ဇူလိုင်လကစပြီး ဆန်ဈေးတက်နေပေမဲ့ ရောင်းအားကတော့ ပုံမှန်အတိုင်းပဲရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဆန်တအိတ်ကို ပျှမ်းမျှ ၃ သောင်းခွဲကနေ ၄ သောင်းခွဲကြားမှာရှိပါတယ်။

မြန်မာနိုင်ငံက ဆန်တွေကို အဓိက တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး လက်ရှိ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေတဲ့အတွက် ဆန်တင်ပို့မှုပိုင်းလည်း ထိခိုက်နေတယ်လို့ ဆန်ကုန်သည်အသင်းက ပြောထားပါတယ်။

 

VOA

Read times
Rate this item
(0 votes)