Food & Livestock
နွားနို့ထုတ်လုပ်မှုတွင် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်ထုတ်လုပ်မှုလိုအပ်
ပြည်တွင်းနွားနို့ထုတ်လုပ်မှုတွင် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်ထုတ်လုပ်မှုထက် အရေအတွက်ကိုသာ
ဦးစားပေး ထုတ်လုပ်လာခြင်းကြောင့် လိုအပ်ချက်များရှိနေပြီး နွားနို့အရည်အသွေး ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နွားနို့အတွက် နို့စားနွားမွေးမြူသည့်အခါ၌ အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးလာသောကြောင့် ရေရှည်တွင် နို့စားနွား မွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများ အခက်အခဲရှိလာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ခုနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ပြင်သစ်၊ နယ်သာလန်၊ သြစတြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ ဂွမ်စီ၊ အေးရှား ရား၊ နော်ဝေဂျင်ရွက်အပါအဝင် နို့စားနွား ခုနစ်မျိုးကို မွေးမြူခဲ့ပြီး အဓိကအားဖြင့် ဖရေရှန်နှင့် ဂျာစီနို့စားနွားကို အများဆုံး မွေးမြူလျက်ရှိကြောင်း သိရသည်။
ဖရေရှန်နှင့် ဂျာစီနို့စားနွားနှစ်မျိုးတွင် ဖရေရှန်တစ်ကောင်လျှင် ပျမ်းမျှအားဖြင့် နွားနို့ ၁၀ ပိဿာခန့်ထွက်ရှိသော်လည်း နွားနို့အရည်အသွေး ၃ ဒသမ ၅ ရာခိုင်နှုန်းသာပါရှိကာ ဂျာစီမှာ နွားနို့ ရှစ်ပိဿာခန့် ထွက်ရှိပြီး နွားနို့အရည်အသွေး ၅ ရာခိုင်နှုန်းအထိပါရှိကြောင်း သိရသည်။ နို့စားနွားတစ်ကောင်လျှင် တစ်နှစ်တစ်သားကျဖြင့် နို့ထွက်အားကိုရက် ၃၀ဝ သတ်မှတ်လေ့ရှိပြီး တစ်ရက်လျှင် နွားနို့ ငါးပိဿာ၊ ခြောက်ပိဿာမှ အမြင့်ဆုံး ၁၃ ပိဿာအထိ ထွက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နို့စားနွားကောင်ရေ ၁၆၀ဝ၀ ခန့် မွေးမြူလျက်ရှိပြီး ဂျာစီနို့စားနွား၂၀ ရာခိုင်နှုန်း၊ ဖရေရှန်နို့စားနွား ၈၀ရာခိုင်နှုန်း မွေးမြူလျက်ရှိကာ ထွက်ရှိလာသည့်နွားနို့များကို အင်းစိန် နွားနို့ဈေးကွက်နှင့် တာမွေနွားနို့ဈေးကွက်တို့မှ တစ်ဆင့် နေ့စဉ်ဖြန့်ချိလျက်ရှိသည်။
အဆိုပါ နို့စားနွားမွေးမြူမှုသည် မျိုးရိုးဗီဇနှင့် အစာစားသုံးမှုပေါ်တွင် မူတည်သောကြောင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးကောင်းရရှိရေးအတွက် သင့်တင့်မျှတသော နို့စားနွားများကို မွေးမြူထုတ်လုပ်ရန် လိုအပ်လာကြောင်း သိရသည်။ အစာကျွေးပုံခြင်း တူညီသော်လည်း နို့ထွက်အရည်အသွေး မတူခြင်းသည် ၎င်းတို့၏ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်သော နွားနို့များ သောက်သုံးနိုင်ရန်အတွက် မျိုးရိုးဗီဇကောင်းသည့် နို့စားနွားများကို မွေးမြူထုတ်လုပ်ရန်လိုအပ်ကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံတွင် ဖရှေရှန်နွားနှင့် ဂျာစီ နွားကို မျိုးစပ်၍ အီဝီမျိုးစိတ်သစ်ရရှိခဲ့ရာ နို့ထွက်အား အရည်အသွေးစွမ်းရည်ကိုမြှင့်တင်၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နို့ဈေးနှုန်းတည်ငြိမ်ရန်မှာ အစာစရိတ်ပေါ်တွင် မူတည်နေပြီး နို့စားနွားတစ်ကောင်တွင် အစာအတွက် ၇၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ အစားအစာအတွက် မြက်ရရှိရန် သဘာဝမြေနေရာနှင့် စိုက်ပျိုးရန်မြေနေရာများ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခက်အခဲရှိလာနိုင်သောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မြက်စိုက်ပျိုးထုတ်လုပ်၍ မြက်ချဉ်ဖတ်နှင့် ပြောင်းချဉ်ဖတ်တို့ကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ချိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source: commerce.gov.mm
Myanmar Food Guide




