Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းလှေများကို ငါးဖမ်းခွင့်ပြုရန် ညှိနှိုင်းမည်

နိုင်ငံခြားငါးဖမ်းလှေများကို နိုင်ငံသားပိုင်ကုမ္ပဏီ၏ကြီးကြပ်မှုဖြင့် မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့် စီးပွားရေးဇုန် (EEZ) အတွင်း

ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။


မြန်မာရေလုပ်သားများ ဘဝမြှင့်တင်ရေးအတွက်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်းကောင်း၊ အခွန်ငွေပိုမိုရရှိစေရန်အတွက်လည်းကောင်း သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ငါးဖမ်းခွင့်ပြုရန် နိုင်ငံခြားငါးဖမ်းကုမ္ပဏီ ၄ ခုခန့်က တင်ပြထားခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။


ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် ၃၆ တွင် ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။


“နိုင်ငံခြားငါးဖမ်းလှေတွေဘက်က ဒီမှာငါးဖမ်းချင်တယ်ဆိုပြီး လျှောက်ထားလာတာ။ အားလုံးရဲ့သဘောထားနဲ့ လုပ်သင့်၊ မလုပ်သင့်ကို စဉ်းစားကြမှာပါ။ ကျွန်တော်တို့က လုပ်ပါမယ်လို့လည်း မဆိုလိုဘူး။ မလုပ်ဘူးလို့လည်း မပြောဘူး”ဟု ဦးမြင့်ဇင်ထူးက ပြောဆိုသည်။


အဆိုပါ နိုင်ငံခြားငါးဖမ်းလှေများကို ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်အချို့က ကန့်ကွက်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။


“အဲဒီနေရာက ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပိတ်ထားတာ။ ဆွေးနွေးပွဲကို ကျွန်တော်တို့ အသင်းကရော၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပညာရှင်တွေရော၊ တိုင်းနဲ့ပြည်နယ်က ငါးလုပ်ငန်းနဲ့ ဆိုင်တဲ့သူတွေရောသွားကြမှာ” ဟု မြန်မာ နိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။


ညှိနှိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများအပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံးတို့ကိုလည်း တက်ရောက်ရန်ဖိတ်ကြားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

Source: The Voice

Read times Last modified on Tuesday, 08 January 2019 14:32
Rate this item
(1 Vote)