Food & Livestock
မလေးရှား ကြက်သား ပြည်ပတင်ပို့ရန် စတင်ခွင့်ပြုမည့်လ အတည်ပြုပြောကြား
မလေးရှားနိုင်ငံသည် စက်တင်ဘာလတွင် ပြည်ပသို့ ကြက်သားတင်ပို့မှု ခွင့်ပြုပေးမည် မဟုတ်ဘဲ အောက်တိုဘာလတွင် ကြက်သားတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းမည်ဟု အတည်ပြု ပြောကြားသည်။ ထိုသို့ တင်ပို့ခွင့် ပြန်လည် ခွင့်ပြုမည် ဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုအတွက် ထိခိုက်မှု မဖြစ်စေရန်အတွက် မွေးမြူရေးခြံအချို့ကိုသာ တင်ပို့ခွင့်ပြုမည်ဖြစ်သည်။
ကုန်ဈေူနှုန်းကြီးမြင့်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Annuar Musa က မကြာသေးမီလများအတွင်း နိုင်ငံအတွင်း ကြက်သားပိုလျှံနေခြင်းကြောင့် ပြည်ပသို့ တင်ပို့ခွင့်ပြုရန် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များ၏ တောင်းဆိုချက်များကို အစိုးရက လက်ခံသေဘာတူခဲ့ကြောင်း ဩဂုတ် လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
“ပြည်တွင်းမှာ တစ်စထက်တစ်စ ကြက်သား နည်းနည်းပါးပါး ပိုလျှံလာနေပေမယ့်လည်း ပြည်တွင်းစားသုံးမှုကို ဦးစားပေးအနေနဲ့ ဆက်လက်ဆောင်ရွက်ရမယ်လို့ အစိုးရအဖွဲ့က ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ပါတယ်။ နည်းနည်းပါးပါး ပိုလျှံတာက ပြည်တွင်းစားသုံးသူတွေအတွက် ကြက်သား စျေးနည်းနည်းကျအောင် ထောက်ကူပေးနိုင်ပါတယ်” ဟု သတင်းထောက်များအား ၎င်းက ပြောကြားခဲ့သည်။
ပြည်ပတင်ပို့ရန်အတွက်သာ ကြက်မွေးမြူသော လုပ်ငန်းအချို့ကိုသာ ကြက်သား ပြည်ပသို့ တင်ပို့ခွင့် ပြုမည်ဟု ၎င်းက ပြောကြားခဲ့သည်။
တင်ပို့ခြင်းမပြုမီ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစက်မှုလုပ်ငန်း ဝန်ကြီးဌာနထံမှ ဦးစွာ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်းစားသုံးသူများအတွက် တစ်လလျှင် ကြက်ကောင်ရေ သန်း ၇၀ ရရှိနေကြောင်း သေချာစေရန်အတွက် လုပ်ငန်းအဖွဲ့မှ အနီးကပ် စောင့်ကြည့်မည်ဖြစ်သည်။
မလေးရှားနိုင်ငံသည် ပြည်ပသို့ ကြက်တင်ပို့မှု မပတ်ပင်ခင်က တစ်လလျှင် ကြက်ကောင်ရေ ၃.၆ သန်း တင်ပို့ခဲ့ပါသည်။
ပြည်ပတင်ပို့မှု၏ သုံးပုံတစ်ပုံကို အိမ်နှီးနားချင်း နိုင်ငံဖြစ်သော စင်ကာပူ နိုင်ငံသို့ တင်ပို့သည်။ တန်ချိန်အားဖြင့် တစ်နှစ်လျှင် တန်ချိန် ၇၃,၀၀၀ တင်ပို့သည်။
စင်ကာပူသည် ကြက်သားကို ဘရာဇီးနိုင်ငံမှ အများဆုံး တင်သွင်းပြီး မလေးရှားနိုင်ငံမှ ဒုတိယအများဆုံး တင်သွင်းပါသည်။
မလေးရှားနိုင်ငံက ဇွန်လ ၁ ရက်တွင် ပြည်ပသို့ ကြက်သားတင်ပို့ရောင်းချမှု စတင်ပိတ်ပင်ခဲ့ပါသည်။ ပြည်တွင်းဈေးကွက်တွင် ကြက်သား ပြတ်လပ်မှုများ ပေါ်ပေါက်ခဲ့ပြီး ဈေးသည်များက အစိုးရ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဈေးနှုန်းထက် ကျော်လွန်နေသော ဈေးနှုန်းများဖြင့် ရောင်းချနေကြသဖြင့် ပြည်ပသို့ ကြက်သားတင်ပို့ရောင်းချမှု ပိတ်ပင်ထားခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ဈေးနှုန်းမှာ ရင်းဂစ် ၉.၄၀ ဖြစ်ပါသည်။
ကြက်သားတင်ပို့မှုကို အလုံးစုံ ပိတ်ပင်ထားခဲ့ရာမှ မွေးမြူရေးကြက်မဟုတ်သည့် 'ရွာကြက်' (kampung chicken) နှင့် ကြက်နက် (black chicken) တို့ကို ပြည်ပတင်ပို့ရန် ခွင့်ပြုခဲ့ပါသည်။
ကျေးလက်ဒေသတွင် ရွာကြက်သည် အလေ့ကျ လွှတ်ထားပြီး မွေးမြူသော ကြက်များဖြစ်ပြီး တရုတ်ရိုးရာ ကြက်ဆီထမင်း ချက်ပြုတ်ရာတွင် အသုံးပြုပါသည်။ စင်ကာပူမှ ကြက်ဆီထမင်း စားသောက်ဆိုင်များတွင် အဓိကထား သုံးစွဲကြပါသည်။
ထိုသို့ ဖြေလျော့ခဲ့သောလည်း အဆိုပါ ကြက် ၂ မျိုး တင်ပို့နိုင်သည့် ပမာဏမှာ မပြောပလောက်ချေ။
မလေးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ကြက်သားတင်သွင်းမှု၏ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သည့် စီးပွားဖြစ် အသားစားကြက်သားကို ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ထားဆဲဖြစ်သည်။
ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့်ကြားတွင် ကြက်ဈေးနိမ့်ကျနေစေရန် အစိုးရက ကြားဝင်ပြီး အရှုံးခံပေးသည့် ထောက်ပံ့ငွေအတွက် ရင်းဂစ်သန်း ၇၂၀ သုံးစွဲခဲ့ပါ သည်။ ကြက်သားထုတ်လုပ်မှု စရိတ် သက်သာစေရန် ကြက်စာအတွက်ထောက်ပံ့ကြေးများ ပေးအပ်သည် ကို ဇူလိုင် ၁ ရက်မှစ၍ ရပ်ထားလိုက်ပါသည်။
အစိုးရက ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ကြက်သား အများဆုဲးစျေးနှုန်းပြဋ္ဌာန်းခြင်းများအပြင် ကြက်သားတင်သွင်းရန် သွင်းကုန်ပါမစ် လိုအပ်ခြင်းကို ဖျက်သိမ်းလိုက်ပြီး လွတ်လပ်စွာ တင်သွင်းခွင့် ပေးအပ်ခဲ့ပါသည်။
ကြက်သား တင်ပို့မှု စတင်ပိတ်ပင်ခဲ့ချိန်မှ နှစ်လအကြာတွင် ပြည်တွင်းဈေးကွက်တွင် ကြက်သား ပိုလျှံလာသည်။ အစိုးရ သတ်မှတ်သည့် ဈေးနှုန်းထက် နည်းနေသည့် ဈေးနှုန်းများဖြင့် ရောင်းချနေကြသည်။ သို့ဖြစ်ရာ ကြက်သားကို ပြည်ပတင်ပို့နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်။
သို့သော် ကြက်သားတင်ပို့သည့် ကြက်မွေးမြူရေး လုပ်ငန်းများသည် ပြည်ပင်ပို့ရန်အတွက် မွေးမြူထားသော ကြက်များကိုသာ တင်ပို့ရမည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲမှ ကြက်များကို တစ်နည်းနည်းဖြင့် ရယူပြီး ပြည်ပသို့ တင်ပို့ခြင်း မပြုရပေ။
Source straittimes
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



