Food & Livestock



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (FAO Food Price Index – FFPI) ကို “FAO Food Price Index in November virtually unchanged for the second month” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအဓိကအချက်များ ဖော်ပြပါရှိပါသည် - 

 

- နိုဝင်ဘာလတွင် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (FFPI) သည် အောက်တိုဘာလ နှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲမှုမရှိဘဲ ပျမ်းမျှ ၁၃၅.၇ မှတ်ရှိခဲ့ကြောင်း၊ နှံစားသီးနှံများ၊ နို့ထွက်ပစ္စည်းများနှင့် အသားဈေးနှုန်းတို့မှာ တစ်လချင်းအလိုက် ဆက်လက် ကျဆင်း ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီနှင့် သကြားဈေးနှုန်းတို့မှာ မြင့်တက်ခဲ့ကြောင်း၊

 

-  နှံစားသီးနှံများ၏ဈေးနှုန်းညွှန်းကိန်း (Cereal Price Index) သည် စက်တင်ဘာလ တွင် ပျမ်းမျှ ၁၅၀.၄ မှတ်ရှိခဲ့ပြီး အောက်တိုဘာလထက် ၁.၉ မှတ် (၁.၃ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့်နှစ်တွင် ရှိခဲ့သည့် ဈေးနှုန်းထက် ၉.၀ မှတ် (၆.၃ ရာခိုင်နှုန်း) မြင့်တက်နေသေးကြောင်း၊  နိုဝင်ဘာလတွင် ပင်လယ်နက် ဆိပ်ကမ်းများမှ အစေ့အဆံများတင်ပို့မှု ပြန်လည်စတင်မှုကြောင့် ကမ္ဘာ့ဂျုံဈေးနှုန်း သည်လည်း ၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊  

 

-  နိုဝင်ဘာလတွင် နိုင်ငံတကာဆန်ကြမ်းဈေးနှုန်းသည် အောက်တိုဘာလထက် ၁.၀ ရာခိုင်နှုန်း ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ပင်လယ်နက်ဆိပ်ကမ်းများမှ ပြောင်းဆံများ တင်ပို့နိုင်မှုနှင့် မစ္စစ္စပီမြစ်တွင် သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်မှုကြောင့် ပြောင်းဆံဈေးနှုန်းမှာ တစ်လချင်းအလိုက် ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့ဈေးကွက်တွင် နှံစားပြောင်းဈေးနှုန်းမှာလည်း ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ဘာလီနှင့် ဆန်ဈေးနှုန်းတို့မှာ ၂.၅ ရာခိုင်နှုန်းနှင့် ၂.၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ 

 

-  ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းညွှန်းကိန်း (Vegetable Oil Price Index) သည် နိုဝင်ဘာလတွင် ၃.၄ မှတ် (၂.၃ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကာ ပျမ်းမျှ ၁၅၄.၇ မှတ် ရှိခဲ့ကြောင်း၊ ယင်းသို့ဈေးနှုန်းမြင့်တက်ခဲ့မှုသည် နိုင်ငံတကာဈေးကွက်တွင် မုန်ညှင်းဆီ နှင့် နေကြာဆီဈေးနှုန်း ကျဆင်းခြင်းထက် စားအုန်းဆီနှင့် ပဲပိစပ်ဆီဈေးနှုန်း မြင့်တက်ခဲ့ခြင်းတို့နှင့် ဆက်စပ်နေကြောင်း၊ ဆီအုန်းအဓိကထွက်ရှိသည့် အရှေ့တောင် အာရှနိုင်ငံများတွင် မိုးပိုခဲ့ကာ ထုတ်လုပ်မှုလျှော့ကျခဲ့ခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား မြင့်တက်ခဲ့မှုတို့ကြောင့် နိုင်ငံတကာစားအုန်းဆီဈေးနှုန်းမှာလည်း ထပ်မံ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ 

 

-  နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်း (Dairy Price Index) သည် နိုဝင်ဘာလတွင် ပျမ်းမျှ ၁၃၇.၅ မှတ်ရှိခဲ့ပြီး အောက်တိုဘာလထက် ၁.၇ မှတ် (၁.၂ ရာခိုင်နှုန်း) ကျဆင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် နို့မှုန့်ဝယ်လိုအားကျဆင်းခဲ့မှုကြောင့် နိုင်ငံတကာနို့မှုန့် ဈေးနှုန်းမှာ သိသိသာသာကျဆင်းခဲ့ကြောင်း၊ အလားတူ ဝယ်လိုအားကျဆင်းမှုကြောင့် ထောပတ်ဈေးနှုန်းမှာလည်း ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ဈေးကွက်တွင် ဒိန်ခဲ ဝယ်လိုအားမြင့်တက်ခဲ့မှုနှင့် အနောက်ဥရောပရှိ ဒိန်ခဲ အဓိကထုတ်လုပ်သည့် နိုင်ငံများမှ တင်ပို့မှုကျဆင်းခဲ့မှုကြောင့် နိုင်ငံတကာဒိန်ခဲဈေးနှုန်းမှာ မြင့်တက်ခဲ့ကြောင်း၊ 

 

-  အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index) သည် နိုဝင်ဘာလတွင် ပျမ်းမျှ ၁၁၇.၁  မှတ်ရှိခဲ့ပြီး အောက်တိုဘာလထက် ၁.၁ မှတ် (၀.၉ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင်  ပြီးခဲ့သည့်နှစ်တွင် ရှိခဲ့သည့် ဈေးနှုန်းထက် ၄.၆ မှတ် (၄.၁ ရာခိုင်နှုန်း) မြင့်တက်နေသေးကြောင်း၊  ဘရာဇီးလ်နိုင်ငံက အမဲသားတင်ပို့မှု မြင့်မားနေသည့်တိုင် ဩစတြေးလျနိုင်ငံက အမဲသားတင်ပို့မှု ထပ်လောင်း မြင့်တက်ခဲ့သည့်အတွက် နိုင်ငံ တကာ အမဲသား ဈေးနှုန်းသည် နိုဝင်ဘာလတွင် ပဉ္စမမြောက်လအနေဖြင့် ဆက်လက် ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် အခြားအသားများဖြစ်သည့် ကြက်၊ ဘဲနှင့် ဝက်သား ဈေးနှုန်းတို့မှာ အားလပ်ရက်ကာလမတိုင်မီ ဝယ်လိုအားမြင့်မားမှုနှင့် ငွေကြေးလည် ပတ်မှု၏ သက်ရောက်မှုတို့ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ 

 

-  နိုဝင်ဘာလတွင် သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) သည် အောက်တို ဘာလထက် ၅.၇ မှတ် (၅.၂ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပြီး ပျမ်းမျှ ၁၁၄.၃ မှတ် ရှိခဲ့ ကြောင်း၊ သကြား အဓိက ထုတ်လုပ်သည့်နိုင်ငံများတွင် ကြံရိတ်သိမ်းမှုနှောင့်နှေးခြင်း နှင့် အိန္ဒိယနိုင်ငံမှ သကြားတင်ပို့မှု ကျဆင်းခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်း ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source Market Information Service- DOP- MOALI

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 20 December 2022 14:31
Rate this item
(0 votes)