Food & Livestock
ညောင်ဦးမြို့နယ်တွင် ငှက်ပျောပင်စိုက်တောင်သူများ ပိုးကျပြီး အရှုံးပေါ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြစ်ရေတင်ကြီးအတွင်းမှာရှိတဲ့
တောင်သူတွေ ငှက်ပျောပင်များ စိုက်ပျိုးထားလျက်ရှိပြီး ယခုနှစ် ဆောင်းရာသီမှာ ပိုးကျရောက်ပြီး အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
''ငှက်ပျောခြံအသစ်တွေလည်း ပိုးကျတယ်။ အဟောင်းခြံတွေလည်း ပိုးကျတယ်။ အဟောင်းခြံ တောင်သူတွေက အရှုံးသက်သာပြီး အသစ်တည်တဲ့ ခြံသမားတွေ အရှုံးပိုများတယ်။
ကျွန်တော့်ငှက်ပျောခြံက တန်ခူးလကစပြီး စိုက်ထားတဲ့ ခြံအသစ်ပါ။ အခုဒီဆောင်းဘက် ရောက်လာတော့ ငှက်ပျောပင် အောက်လက်တွေက တဖြည်းဖြည်းဝါလာတယ်။ နောက်တော့ အပေါ်အလက်တွေပါ ဝါလာပါတယ်။ ဒီတော့ပိုးကျမှန်းသိသာပြီ။ စိုက်ခဲ့စဉ်က ငှက်ပျောပျိုးတစ်ပင်ကို ငွေကျပ် ၁၈ဝ ပေးရတယ်။ တစ်ပင်စိုက်ခက ငွေကျပ် ၅ဝ ပေးရတယ်။
စုစုပေါင်းတစ်ပင် ကို ငွေကျပ် ၂၃ဝ ကုန်ကျတယ်။ အပင်၂ဝဝ လောက်စိုက်တယ်။ မြေသြဇာကျွေးတာနဲ့ ပေါင်းရှင်းခအားလုံးပေါင်းငွေကျပ် နှစ်သိန်းလောက်ကုန်တယ်။ ငှက်ပျောခင်းက ဘာမှပြန်မရဘူး'' လို့ အောက်ညဥ့်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ကိုဝင်းကိုက ပြောပါတယ်။
''ကျွန်တော်စိုက်ခဲ့တာက နှစ်နှစ်ရှိပြီ။ အရင်းက ငွေကျပ်လေးသိန်းလောက် ကုန်တယ်။ ငွေကျပ်တစ်သိန်းဖိုးလောက်ပဲ ပြန်ရောင်းရတယ်။ တောင်သူတွေက ဘာလုပ်လုပ်၊ ဘာစိုက်စိုက်ရှုံးနေတာပဲ။
ဘာသီးနှံပင် စိုက်ရမှန်းမသိတော့ဘူး။ ရေဖိုးနဲ့မျိုးဖိုးက တော်တော်ကုန်တယ်။ သူများတွေ ငှက်ပျောစိုက်တာ အဆင်ပြေတယ်ပြောလို့ လိုက်စိုက်လိုက်တာ အခုတော့ရှုံးပြီ'' လို့ သူကောင်းတည်ကျေးရွာ ငှက်ပျောစိုက် တောင်သူ ဦးဝင်းမောင်က ပြောပါတယ်။
အခုရက်ပိုင်းတွေမှာ ငှက်ပျောပင်များ ပိုးကျတဲ့အတွက် ငှက်ပျောခိုင်များ မအောင်မြင်တာကြောင့် ခုတ်ရောင်းနေရကြောင်း၊ မအောင်မြင်သော ငှက်ပျောဖီးတွေကို တစ်ဖီးလျှင် ငွေကျပ် ၅ဝ၀ နှုန်းနဲ့ ရောင်းချနေရကြောင်း၊ ငှက်ပျောသီးအစိမ်းတွေကိုလည်း ဆေးစိမ်ရောင်းချနေရကြောင်း ငှက်ပျောစိုက် တောင်သူတွေဆီကနေ သိရပါတယ်။
Source: Myanma Alinn