Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၆)

အခန်း(၆)
ထပ်မံဖော်ပြနိုင်သောအချက်များ

 

၁၈။ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့် ညီညွတ်ပြီး လိမ်လည်လှည့်ဖြားရာမရောက်သည့်

အညွှန်းစာနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤပြဋ္ဌာန်းချက်တွင် ဖော်ပြထားသော မဖြစ်မနေပါဝင်ရမည့် လိုအပ်ချက်များနှင့်သော်လည်းကောင်း၊ အထူးလိုက်နာရမည့် အချက်များနှင့်သော်လည်းကောင်း ဆန့်ကျင်ခြင်းမရှိလျှင် အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ရုပ်ပုံ၊ စာသား၊ ဂရပ်ဖစ်ဒီဇိုင်းစသည်ဖြင့် မည်သည့်သတင်းအချက်အလက်ကိုမဆို ဖော်ပြလိုက ဖော်ပြနိုင်သည်။ ယင်းသို့ဖော်ပြရာတွင် -

 

(က) ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများ အသုံးပြုဖော်ပြရာ၌ အသီး၊ အရွက်၊ ကြက်၊ ငှက်၊သား၊ ငါး၊ ဥစသည်တို့သည် သို့မဟုတ် ယင်း၏ ထွက်ကုန်တို့သည် အစားအ သောက်တွင် ပါဝင်ခြင်းမရှိပါက ရုပ်ပုံ၊ ဓာတ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများဖြင့် ယင်းတို့ကိုဖော်ပြ ခြင်းမပြုရ။ သတ်မှတ်ချက်နှင့် ကိုက်ညီ၍ ဖော်ပြရာတွင်လည်း ယင်းတို့၏ မူလအနံ့အရသာ ပိုမိုပေါ်လွင်ကောင်းမွန်စေရန် အနံ့အရသာတိုးဆေး ထပ်မံထည့်သွင်းထားပါက “အနံ့အရသာ ထည့်သွင်းထားသည်” သို့မဟုတ် အလားတူစကားရပ်ကို ဖော်ပြသည့် ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းတို့နှင့် ကပ်လျက်တွင် သိသာထင်ရှားစွာ ဖော်ပြရမည်။ ဖော်ပြသည့်အခါ ယင်းတို့၏ ပင်ကိုယ်သဏ္ဍာန်ကို ပေါ်လွင်ထင်ရှားစွာ မဖော်ပြရ။

 

(ခ) ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများဖြင့် ပါဝင်ပစ္စည်း သို့မဟုတ် ရောနှောအစားအသောက်၏ ပါဝင်ပစ္စည်းကိုဖော်ပြသည့်အခါ ပါဝင်နှုန်းအလိုက် အချိုးညီစွာဖော်ပြရမည်။

 

(ဂ) အစားအသောက်ကုန်ပစ္စည်း၏ အဆင့်အတန်းသတ်မှတ်ချက် (grade) ကို ဖော်ပြမည်ဆိုပါက လွယ်ကူရှင်းလင်းစွာ နားလည်နိုင်စေရမည့်အပြင် မည်သည့်နည်းနှင့်မဆို လိမ်လည်လှည့် ဖြားခြင်း မဖြစ်စေရ။

 

၁၉။ အာဟာရတန်ဖိုး (Nutrition facts) ကို ဖော်ပြရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ကိုဒက် (Codex) ၏ အာဟာရတန်ဖိုး အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ လမ်းညွှန်နှင့်ပြင်ဆင်ပြဋ္ဌာန်းချက်များ (Codex guidelines on Nutrition labeling CAC/GL 2-1985) အရဖြစ်စေ၊ မြန်မာစံချိန်စံညွှန်းအရဖြစ်စေ ဖော်ပြရမည်။

 

၂၀။ ဘားကုတ် (Bar Code)၊ ကျူနာကုတ် (QR Code) စသည့်သင်္ကေတဝှက်၊ သက်သတ်လွတ် (Vegetarian) စသည့် ညွှန်းဆိုသတ်မှတ်ချက်၊ ကုန်စည်အမှတ်အသား (Brand)၊ ကုန်စည်အမှတ် အသားအမည် (Brand Name) နှင့် ကုန်အမှတ်တံဆိပ်(Trade Mark)၊ ဆု၊ တံဆိပ်၊ လက်မှတ်၊ ဆန်းစစ်ချက်၊ လေ့လာတွေ့ရှိချက်စသည်တို့နှင့် ယင်းတို့ကို ရည်ညွှန်းသော စာသား၊ သင်္ကေတ၊ အမှတ်အသား၊ တံဆိပ်စာလုံး၊ ရုပ်ပုံစသည်တို့ကို အထောက်အထားခိုင်လုံပါက ဖော်ပြနိုင်သည်။ သို့ရာတွင် -

 

(က) အထက်ပါဖော်ပြချက်များ၏ စစ်မှန်မှုနှင့် တရားဝင်မှုကို အစားအသောက်လုပ်ငန်း လုပ်ကိုင်သူက အပြည့်အဝတာဝန်ယူရမည်။

 

(ခ) အမှတ်တံဆိပ်တွင် ယင်းဖော်ပြပါအချက်များပါရှိပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက တင်ပြစေသည့်အခါ ခိုင်လုံသော အထောက်အထားများကိုပါ ပူးတွဲတင်ပြရမည်။

 

(ဂ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် အထောက်အထား စိစစ်တွေ့ရှိမှုအရ ယင်းဖော်ပြမှုများကို ပိတ်ပင်တားမြစ်နိုင်သည်။

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Wednesday, 24 August 2022 14:40
Rate this item
(0 votes)