Food & Livestock



အယ်နီညို စိုးရိမ်မှုများ အာရှဆန်ဈေးအပေါ် ရိုက်ခတ်

အယ်နီညို စိုးရိမ်မှုများ အာရှဆန်ဈေးအပေါ်  ရိုက်ခတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အယ်နီညို စတင်ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ပုံမှန်ထက် မိုးရွာသွန်းမှု လျော့နည်းလာကာ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကို ထိခိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

.

ဖိလစ်ပိုင်သည် အယ်လ်နီညိုဒဏ်ကို ခံနိုင်ရည် မရှိဆုံးသော အာရှနိုင်ငံများထဲတွင် ပါဝင်ပြီး စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုကြောင့် ငွေကြေးမူဝါဒ အတိုးနှုန်း မြှင့်တင်ရသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း  ဂျပန်အခြေစိုက် ဆန်းစစ်ခြင်းနှင့် သုတေသနလုပ်ငန်း Nomura Group မှ ပြောကြားသည်။

.

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ကလည်း နိုင်ငံတကာ ဆန်ဈေးနှုန်းများ မြင့်တက်လာကြောင်း မှတ်ချက်ပြုသည်။

.

FAO ၏ အဆိုအရ နိုင်ငံတကာ ဆန်ဈေးသည် ပြီးခဲ့သည့် မေလက ထပ်မံ မြင့်တက်ခဲ့သည်။

.

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းလေ့ရှိသည့် ဗီယက်နမ်နှင့် ထိုင်း အပါအဝင် ပြည်ပသုိ့ ဆန်တင်ပို့သည့် နိုင်ငံအများစုတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း FAO က ဆိုသည်။

.

ဖိလစ်ပိုင်အစိုးရသည် ယခုနှစ်အတွင်း ဆန်မက်ထရစ်တန်ချိန် ၃၃၀,၀၀၀ တင်သွင်းရန် စီစဉ်ထားပြီး အရန်ဆန် သိုလှောင်မှု လိုအပ်ချက်ကို ဖြည့်တင်းမည် ဖြစ်သည်။

 

ဗီယက်နမ်နှင့် ထိုင်း နှစ်နိုင်ငံရှိ ဆန်ဈေးများသည် မေလတွင် ဒုတိယလဆက်တိုက် မြင့်တက်ခဲ့သည်။

ဆန်ပို့ကုန်လုပ်ငန်းရှင်များသည် အစဉ်အလာရှိသည့် ဝယ်လက်များထံ စာချုပ်ချုပ်ဆို တင်ပို့မှုများကို ဆက်လက် ဖြည့်ဆည်းပေး‌နေသောကြောင့်  ဝယ်လိုအား မှန်တန်းဖြင့် ဆက်ရှိနေသဖြင့် ဆန်ဈေးနှုန်းများ ပြန်မကျနိုင်ချေ။ 

.

"ပုံမှန်အားဖြင့်  နိုင်ငံအချို့တွင် ပျမ်းမျှအောက်မိုးရွာသွန်းမှု ဖြစ်ပေါ်စေသည့်  အယ်လ်နီညိုဖြစ်စဉ်၏ အလားအလာကြောင့် စပါး စိုက်ပျိုးထားသော ဧရိယာများနှင့် ၂၀၂၃ ခုနှစ် စပါး  အထွက်နှုန်းကို ထိခိုက်စေမည့်အရေးအပေါ် စုိးရိမ်မကင်း ဖြစ်ကြသည်ကလည်း ဆန်ဈေးနှုန်းများကို မြင့်တက်စေသည်"  ဟု FAO က ပြောသည်။

.

Nomura က အယ်လ်နီညို ဖြစ်ပေါ်မှုနှင့်အတူ ပေါ်ပေါက်လာမည့် ဘဏ္ဍာရေးနှင့် ထောက်ပံ့ရေးဘက်ဆိုင်ရာ မူဝါဒများကို မျှော်လင့်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခုခံကာကွယ်မှု ပထမအဆင့်အဖြစ် လူမှုဖူလုံရေး အကူအညီ၊ ကုန်ဈေးနှုန်း ထိန်းချုပ်ခြင်း၊ အစိုးရမှ စိုက်ထုတ်ကျခံခြင်း အစရှိသည့် မူဝါဒများ ကျင့်သုံးကြမည်။

.

“ငွေကြေးမူဝါဒကို အသုံးမပြုပေမဲ့ အတိုးနှုန်း လျှော့ချဖို့  နှောင့်နှေးစေနိုင်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

.

အယ်လ်နီညိုသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို အကန့်အသတ် ရှိနေစေပြီး အထူးသဖြင့် ဖိလစ်ပိုင်ကဲ့သို့ အသားတင် တင်သွင်းသည့် နိုင်ငံများတွင် စားသောက်ကုန် ကုန်ဈေးနှုန်း ဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း Nomura မှ ပြောကြားသည်။

"ငွေဖောင်းပွမှု ပိုမြင့်မားနေပြီး နိုင်ငံစီးပွားရေးကြီးထွားနှုန်း နိမ့်ကျနေလိမ့်မယ်။ အာရှတွင် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့မှာ  တိုးတက်မှု ကျဆင်းသွားတာအတွက် အကာအကွယ် ကင်းမဲ့နေမယ်။ ပိုမိုမြင့်မားတဲ့ ငွေကြေးဖောင်းပွမှု သက်ရောက်တာကို နိုင်ငံအများစု ကြုံတွေ့ရနိုင်ဖွယ်ရှိတယ်။ အထူးသဖြင့် ဖိလစ်ပိုင်ကဲ့သို့ စားသောက်ကုန် တင်သွင်းရတဲ့ နိုင်ငံတွေမှာ ကြုံရမယ်" ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။

 .

Nomura ၏ အဆိုအရ အယ်လ်နီညိုသည် ဖိလစ်ပိုင် GDP တိုးတက်မှုနှုန်းကုိ ၀.၂ ရာခိုင်နှုန်း လျော့ကျစေလိမ့်မည်။

.

 အမေရိကန်ပြည်ထောင်စု အခြေစိုက် ရာသီဥတု ခန့်မှန်းရေးဌာန Climate Prediction Center (CPC) မှ ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် အကြံပေးချက်တွင် အယ်လ်နီညို အခြေအနေများ ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မြောက်ဘက်ကမ္ဘာခြမ်း ဆောင်းရာသီ ၂၀၂၃-၂၀၂၄ တွင် တဖြည်းဖြည်း အားကောင်းလာမည်ဟု မျှော်လင့်ရသည်။

.

အယ်လ်နီညို အားကောင်းလာမည့် အလားအလာ ၅၆ ရာခိုင်နှုန်းရှိကြောင်း၊ "အသင့်အတင့်ထက် ကျော်လွန်ခြင်း"  ဖြစ်နိုင်ခြေ ၈၆ ရာခိုင်နှုန်းရှိကြောင်း CPC က ခန့်မှန်းထားပါသည်။

Source bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 02 July 2023 07:47
Rate this item
(0 votes)