Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီရှားပါးမှုဂယက် မြန်မာနိုင်ငံမှာ ရိုက်ခတ်

စားအုန်းဆီရှားပါးမှုဂယက် မြန်မာနိုင်ငံမှာ ရိုက်ခတ်

မြန်မာနိုင်ငံမှာ အများဆုံးသုံးစွဲနေကြတဲ့ စာအုန်းဆီ ရှားပါးလာပြီး ဈေးနှုန်းတွေတက်နေတဲ့အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ဆီရောင်းချသူတွေ မရောင်းချနိုင်ပဲ ဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချနေကြပါတယ်။ ဒီအကြောင်း စားသုံးဆီလုပ်ငန်းရှင်တွေကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြထားပါတယ်။

 

စားအုန်းဆီတွေကို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအတွင်းမပြတ်လပ်အောင် တင်သွင်းနိုင်ခြင်းသိပ်မရှိတော့တဲ့အတွက် လက်ကျန်စားအုန်းဆီတွေကို သက်ဆိုင်ရာက ဈေးနှုန်းသတ်မှတ်ထားပေမယ့် လက်တွေမှာ ကုန်သည်တွေ ၊ ဆီအရောင်းအဝယ်လုပ်ကိုင်သူတွေက လိုကိနာဖို့ မလွယ်ကူဘူးလို့ မကွေးတိုင်းအတွင်းက ဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

"အစိုးရကလည်း သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းနေတာပေါ့။ ကုန်သည်တွေကလည်း မရောင်းနိုင်ဘူး။ သူတို့သတ်မှတ်ဈေးက ၆ ထောင် ရောင်းခိုင်းနေရင် ကုန်သည်က မရောင်းနိုင်ဘူး။ လက်သိပ်ထိုးရောင်းတဲ့ဈေးတွေဖြစ်ကုန်တာပေါ့။ အခုအနေအထားကလေ။ ဒေါ်လာနဲ့ဝယ်ဖို့ကလည်း အစိုးရက စီစစ်နေတဲ့သဘောဆိုတော့လေ"

 

အခုအခါမှာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအတွင်းကို စားအုန်းဆီတင်သွင်းမှုဟာ နည်းပါးလာတဲ့အတွက် ပြည်တွင်းမှာ ဈေးကြီးနေပြီး သီးနှံဆီတွေနဲ့ အရင်ကလို ဈေးနှုန်းကွာခြားချက် သိပ်မရှိတော့ပါဘူး။အရင်ကဆိုရင် စားအုံးဆီကတပိသာ ၃ ထောင်ကျော်ပဲရှိရာကနေ အခုခါမှာ ၂ဆကျော်ဈေးတက်လာပါတယ်။ မြန်မာနိုင်ငံမှာ တချိန်တုံးက ဆီးအိုးကြီးလို့ တင်စားခဲ့တဲ့ မကွေးတိုင်းအတွင်းက ပဲနှမ်း စားသုံးဆီ ထုတ်လုပ်ရောင်းချတဲ့ အဲဒီ ဆီစက်လုပ်ငန်းရှင်ကပဲ ပဲဆီ၊ နှမ်းဆီ ဈေး နဲ့ စားအုန်းဆီဈေး အခြေအနေကို အခုလို နှိုင်းယှဉ်ပြောပြပါတယ် ။

 

"အခုကြတော့ စားအုန်းဆီက ဈေးတွေတက်လာတာပေါ့။ စားအုန်းဆီအဝင်လျှော့လာတော့ စားအုန်းဆီကလည်း ၆ ထောင် ၇ ထောင်ဖြစ်လာတယ်။ ကျနော်တို့သီးနှံဆီတွေက ၈ ထောင် ၉ ထောင်ဖြစ်သွားတာပေါ့။ အခုအနေအထားကတော့ စားအုန်းဆီကလည်း မြင့်လာတယ်ပေါ့လေ။ ပြည်တွင်း ပဲဆီနှမ်းဆီနဲ့က သိပ်ကွာဟချက်မရှိတော့ဘူးပေါ့။ အဓိက ကတော့ ဒေါ်လာဈေးတက်လာကတည်းက စားအုန်းဆီဈေးတွေက မြင့်လာတာ။ အရောင်းဝယ်သဘောအရ အင်ဒိုနီးရှားကလည်း ပိတ်တယ်ဆိုတော့ မလေးရှားက ဈေးကိုင်လို့ရသွားတာပေါ့။ သူတို့ တနိုင်ငံထဲရောင်းဖို့ရှိသွားတာဆိုတော့လေ။ စားအုန်းဆီအနေအထားက ကျနော်တို့နိုင်ငံ ဈေးကျဖို့က မရှိဘူးဗျ"

 

စားအုန်းဆီကို အများဆုံး အသုံးပြုကြတာက အကြော်အလှော် စားသုံးကုန်လုပ်တဲ့လုပ်ငန်းတွေ နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေဖြစ်ကြပါတယ်။ အဲဒီလို စားအုန်းဆီဈေးတွေ ရုတ်တရက်တက်သွားတဲ့အတွက် သီးနှံဆီစစ်စစ်တွေလည်း အထိုက်အလျှောက်ဈေးတက်ကုန်ပါတယ်။ မကွေးမြို့က နှမ်းပဲ စားသုံးဆီဆုံလုပ်ငန်းနဲ့ ဆီရောင်းချသူတဦး ကတော့ သက်ဆိုင်ရာက စားသုံးဆီဈေးနှုန်းသတ်မှတ်တာဟာ စားအုန်းဆီတင်သွင်းတဲ့သူတွေ အတွက်ပဲလို့ သူယူဆတဲ့အကြောင်းပြောပါတယ်။

 

"စားအုန်းဆီက အဓိက ဆိုင်တွေပေါ့။ လဘက်ရည်ဆိုင်တွေတို့ စားသောက်ဆိုင်တွေပေါ့ အဓိကက စားအုန်းဆီကို သုံးကြတာ။ စားအုန်းဆီက ၈ ထောင်နားအထိတက်လာတာ။ ဒေသထွက်ဆီတွေကလည်း ဈေးတက်သွားတာ။ သိသရွေ့ကတော့ စားအုန်းဆီဈေးကို အစိုးရက ၅ ထောင် ၅ရာသတ်မှတ်ပေမယ့် အမှန်တော့ စားအုန်းဆီသွင်းတဲ့သူတွေအတွက်လို့ တွေးလိုက်တာပဲ။ ဘာလိုဆိုတော့ အစိုးရဆီကို ၁၈၅ဝကျပ်နဲ့ ဒေါ်လာတွေထုတ်လုပ်တယ်။ထုတ်ပြီးတော့ မလေးရှားပို့လိုက်တယ်။ ဆီရောက်လာရင် ဗမာငွေနဲ့ ပြန်ရောင်းမှာကို ။ သူတို့ဒေါ်လာထုတ်ရအောင် လုပ်တယ်လို့ထင်တာ အဲဒီကစားကွက်ကို။ စားအုန်းဆီဈေးကို ဝယ်လို့ လွယ်တယ်ဆိုပြီး ဈေးသတ်မှတ်တဲ့ စာရွက်စာတမ်းကြီးထွက်လာသေးတယ်။ ၅ ထောင် ၅ရာ ၊ ၆ ထောင်ထက်ပိုမရောင်းရဆိုပြီးတော့ "

 

ဆီထွက်သီးနှံ အများအပြားစိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံမှာ အရင်ကဆိုရင် ပြည်ပက တင်သွင်းတဲ့ စားအုန်းဆီ ဟာ ပြည်တွင်းထုတ် ပဲ၊ နှမ်း အပါအဝင် သီးနှံ ထွက်ဆီတွေထက်အလွန် ဈေးချိုတဲ့အတွက်ကြောင့် လူအများအပြား စားသုံးနေကြပါတယ်။

 

အခုအခါမှာ စားအုန်းဆီအများအပြားထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မကြာခင်ရက်ပိုင်းက ပြည်တွင်း စားသုံးမှု ဖူလုံအောင်ဆိုပြီး ပြည်ပကို တင်ပို့ခွင့် ပိတ်ပင်ထားလိုက်ပါတယ်။

 

အလားတူ ကမ္ဘာမှာလည်း ကိုဗစ် ကပ်ရောဂါ နဲ့ ရုရှား ၊ ယူကရိန်းစစ်ပွဲကြောင့် စားအုန်းဆီ အပါအဝင် စားနပ်ရိက္ခာ ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။

 

ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးရေး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီကတော့ မြန်မာနိုင်ငံမှာ စားသုံးဆီ လုံလောက်နေပြီး ဆီ သဘောၤတွေလည်း ပုံမှန် ဝင်ရောက်နေကြောင်း၊ အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှု မူဝါဒဆိုင်ရာ သတင်းတွေကိုလည်း ချဲ့ကားပြီး ကောလာဟလ ထုတ်လွှင့်ကြတာကြောင့် လူထု အနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ သတင်းစာကနေ ကြေညာခဲ့ပါတယ်။

 

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ကုန်စည်ကူးသန်းမှုနဲ့ အရောင်းအဝယ်တွေအပေါ် ထိခိုက်နေတာနဲ့အမ ျှ စားသောက်ကုန်နဲ့ လောင်စာဆီတွေ ဈေးတက်လာနေတယ်လို့ သတိပေးလိုက်ထားပါတယ်။

 

တချို့မြို့ပြဒေသတွေမှာ စားသောက်ကုန်ဈေးနှုန်းတွေ နှစ်ဆတက်သွားတယ်ဆိုတာ WFP ရဲ့ စားသောက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးကနေ တွေ့ရှိထားပါတယ်။

 

ဗီအိုအေ

Read times Last modified on Thursday, 12 May 2022 13:46
Rate this item
(0 votes)