Fruits & Vegetables



ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ မြန်မာ့ကော်ဖီ တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်မည်

လက်ရှိအခြေအနေတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့လျက် ရှိပြီး

ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက် တိုးမြှင့် တင်ပို့နိုင်ရေး စိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်း အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားပြီး ပြည်ပသို့ ကော်ဖီပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်ဟု ဆိုသည်။ 

 

မြန်မာနိုင်ငံမှ ထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာ ဈေးကွက်များသို့ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုး ထုတ်လုပ်သူများအကြား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောသည်။

 

Advertisement

Click Here > Ko Nyein Maung

 

ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင် နိုင်ငံများ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည့် အကြောင်းအရာများကိုလည်း  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကော်ဖီအသင်းမှ တာဝန်ရှိသူများက မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီပို့ကုန်မြှင့်တင်ရေး အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှ စိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

 

Read times Last modified on Tuesday, 06 June 2023 17:31
Rate this item
(1 Vote)