Fruits & Vegetables



ထိုင်းသို့ မြန်မာ့ကော်ဖီ တစ်တန်လျှင် သိန်း (၁၅၀) မှ (၁၇၀) ခန့်ဖြင့် တင်ပို့ ရောင်းချ

ပြီးခဲ့သည့်   ကော်ဖီရာသီချိန်အတွင်း  ထိုင်းနိုင်ငံသို့  မြန်မာ့ကော်ဖီစိမ်း အထွက်နှုန်း၏ (၇၅) ရာခိုင်နှုန်းကို တင်ပို့ ရောင်းချထားကြောင်း   မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။  

 

ယင်းသို့ တင်ပို့ရောင်းချခဲ့ရာတွင် ကော်ဖီတစ်တန်လျှင် ပြည်တွင်းဈေး ကျပ်သိန်း (၁၅၀) မှ (၁၇၀) ခန့်အထိ ဈေး ကောင်း ရရှိခဲ့ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင်က ဇူလိုင်လ (၁၃) ရက်တွင် ပြောသည်။ “ အများဆုံးကတော့ ယိုးဒယားကိုပဲ (၇၅) ရာခိုင်နှုန်းလောက် တင်ပို့နိုင်ခဲ့ပါတယ်။ ကုန်ကြမ်း အသီးစိမ်းအနေနဲ့ တင်ပို့ခဲ့တာပါ “ ဟု ၎င်းက ပြောသည်။

 

ကော်ဖီရာသီချိန်အစတွင် ထိုင်းဝယ်လက်များက ဒေသအရောက် ဝယ်ယူ ထုတ်လုပ်နေခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် သုံးဆခန့် ဈေးနှုန်း ပိုမို ရရှိခဲ့သည်ဟု ဆိုသည်။

 

ပုံမှန်ကော်ဖီရာသီများတွင် ပျမ်းမျှ ကော်ဖီတန်ချိန် ၁၀,ဝ၀ဝ ကျော်ခန့် ထွက်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ကော်ဖီရာသီချိန်က ရာသီဥတုမှာ ပန်းပွင့်ချိန် စောသည့်အပြင် ပုံမှန်ထက် ပိုမို မိုးရွာသွန်းခဲ့ခြင်းကြောင့် အထွက်နှုန်းလေးပုံတစ်ပုံခန့်အထိ ကျဆင်းခဲ့ကာ  ကော်ဖီရာသီချိန်ကို စောစီးစွာ သိမ်းခဲ့ရကြောင်း သိရသည်။

 

“ အဲဒီလို   အထွက်နှုန်း အနည်းငယ် ကျဆင်းတဲ့အပြင် အဓိကဝယ်ယူတဲ့ ထိုင်းဝယ်လက်တွေက ဒေသအရောက် ဝယ်ယူခဲ့တဲ့အတွက် ကော်ဖီ တစ်တန်ဈေးနှုန်းဟာ မနှစ်ကထက် သုံးဆလောက် ပိုမို ရရှိခဲ့ပါတယ်။ “ ဟု ဦးမင်းလှိုင်က ပြောသည်။ 

 

ပြည်တွင်း၌ ကော်ဖီသီးနှံကို ဒီဇင်ဘာလမှ မတ်လအတွင်း ခူးဆွတ် ထုတ်လုပ်ပြီး ကော်ဖီရာသီသိမ်းသည့် ဧပြီလ နှင့် မေလနှောင်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ ကော်ဖီအစေ့များအဖြစ် တင်ပို့ ရောင်းချကြသည်။

 

မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး တခြားတိုင်းဒေသကြီးနှင့်   ပြည်နယ်တချို့တွင်လည်း အနည်းငယ် စိုက်ပျိုးလေ့ရှိကာ တစ်နိုင်ငံလုံး အတိုင်း အတာအနေနှင့်  ကော်ဖီစိုက်ဧက ၅၀,ဝ၀ဝ ကျော် ရှိကြောင်း သိရသည်။

 

Source : MOC

 

Read times Last modified on Tuesday, 18 July 2023 17:47
Rate this item
(0 votes)