Fruits & Vegetables



မလေးရှား ပိန္နဲသီး တရုတ်မှာ အဝယ်လိုက်

မလေးရှား ပိန္နဲသီး တရုတ်မှာ အဝယ်လိုက်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

နှစ် ၂၀ ကြာ ညှိနှိုင်းပြီးနောက် မလေးရှားနိုင်ငံမှ ပိန္နဲသီး ပထမအသုတ်ကို ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားသည်။

 

ထူးခြားသော ချိုမြိန်မှု၊ ရွှေဝါရောင် အသား ပါရှိသော မလေးရှား ပိန္နဲသီးကို စက်တင်ဘာလတွင် တရုတ်မှာ မိတ်ဆက်ပေးခဲ့ရာ  တရုတ်မှ အသီးတင်သွင်းသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

 

ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က စက်တင်ဘာလတွင် တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် 20th China-Asean Expo တွင် မလေးရှား ပိန္နဲသီးများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် မိတ်ဆက်ပြသ ရောင်းချစေခဲ့ရာ စိတ်ဝင်စားသူများ ရရှိခဲ့သည်။

 

J33 ပျားရည် ပိန္နဲသီးနှင့် J34 ရွှေ ပိန္နဲသီးတို့သည် တရုတ်ဈေးကွက်၏ ဂရုပြုမိခြင်းကို ရရှိခဲ့သည်ဟု တင်ပို့သူ ဒေါက်တာတန်ဆူရီက ပြောသည်။

 

၎င်း၏ ကုမ္ပဏီမှ တရုတ် တင်သွင်းသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ပို့ကုန် ပထမအသုတ်ကို ယခုနှစ်ကုန်တွင် တင်ပို့နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

 

အလားအလာကောင်းများရှိနေသော်လည်း စျေးနှုန်းသတ်မှတ်ခြင်းနှင့် ပို့ကုန်ပမာဏ အပါအဝင် စိန်ခေါ်မှုများ ရှိနေသေးကြောင်း ဒေါက်တာတန်က ပြောကြားသည်။

 

"တစ်နှစ်ပတ်လုံး သီးတဲ့ အသီးဖြစ်ပြီး တရုတ်ဈေးကွက်မှာ အဝယ်လိုက်နေတဲ့အတွက် မလေးရှားစိုက်ခင်းတွေက ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။

 

မလေးရှားနိုင်ငံမှ ပိန္နဲပင်များ စိုက်ပျိုးသူ Richard Thain က မလေးရှားမှ ပိန္နဲသီးများ၏  အရည်အသွေးနှင့် မျိုးကွဲများသည် အခြားနိုင်ငံများထက် သာလွန်ကောင်းမွန်ကြောင်း ပြောကြားသည်။

 

“မလေးရှား ပိန္နဲသီးဟာ အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ မျိုးကွဲတွေထက် ဈေးပို ရလိမ့်မယ်။ သူတို့ထက် ၆၀ ရာခိုင်နှုန်း ပိုများတဲ့ဈေးနဲ့ တရုတ်မှာ ရောင်းနိုင်လိမ့်မယ်"ဟု ၎င်းက ပြောကြားသည်။

"အရည်အသွေး စံသတ်မှတ်ချက်တွေ ပြည့်မီဖို့တော့ လိုတယ်။ အလေးချိန်ဆိုရင် အနည်းဆုံး ၁၀ ကီလိုဂရမ် ရှိရမယ်။ AA အဆင့် ရှိရမယ်။ အလုံးလှရမယ်" ဟု ၎င်းက ပြောကြားသည်။

 

 ပိန္နဲပင်များ စိုက်ပျိုးသူ Francis Hong က တရုတ်မှ အသီးတင်သွင်းသူ နှစ်ဦးသည်  မလေးရှား ပိန္နဲသီးများ ဝယ်ယူတင်သွင်းရန် စိတ်ဝင်တစား ဆွေးနွေးနေသည်ဟု ပြောကြားသည်။

တရုတ်ဈေးကွက်တွင် မလေးရှားနိုင်ငံမှ ပိန္နဲသီး၏ သာလွန်ကောင်းမွန်သော အရည်အသွေးများသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပိန္နဲသီးများထက် ပိုကောင်းလိမ့်မည်ဟု Hong က ယုံကြည်သည်။

 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး လက်ထောက်ဝန်ကြီး Chan Foong Hin က မလေးရှားနိုင်ငံမှ ပိန္နဲသီးတင်ပို့မှု တန်ဖိုးသည် ရင်းဂစ် ၁၅ သန်းရှိကြောင်း၊ တရုတ်ပြည်သို့ တိုးမြှင့်တင်ပို့မည် ဖြစ်သဖြင့် ရင်းဂစ် ၂၂.၁ သန်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းကြောင်း ပြောကြားသည်။

 

ယခုလို မလေးရှား ပိန္နဲသီးများ တရားဝင် တင်ပို့နိုင်ရန် ညှိနှိုင်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိပြီဖြစ်ပြီး ယခုမှ တရားဝင် စတင်တင်ပို့နိုင်မည် ဖြစ်သည်။

 

Source thestar 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 10 October 2023 08:35
Rate this item
(0 votes)