Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

9 11 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

 

မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် လက်ကျန်နည်း ၊ အဝင်နည်းသွားခြင်း၊  မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၁၀၀၀၀ ကျပ် မှ ၁၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

မနောသုခဆန်မှာ အများသုံးဆန်ဖြစ်ခြင်း ၊ အသစ်ဝင်ရောက်သော်လည်း အဟောင်းကို နှစ်သက်မှုများပြီး လက်ကျန်နည်းခြင်းကြောင့် ၂၄ ပြည်တစ်အိတ် ၈၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ငစိန်ဆန်မှာ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိသော်လည်း အသစ်ဝင်ချိန်နီးခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၆၅၀၀၀ ကျပ် မှ ၆၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ အသစ်မဝင်သေးသော်လည်း ဗန်းမော်၊ 

ကွတ်ခိုင် တင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲ မကွေး ၊ စစ်ကိုင်း ၊ မြင်းမူ မှ အဝင်ရှိခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးအနိမ့်ဆုံး ၅၈၀၀၀၀ ကျပ် မှ အကောင်းဆုံး ၆၂၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ဆောင်းပဲအထွက် မျိုးဝယ်ယူမှုရှိပြီး မျိုးပဲမှာ ၁၀၀ ပိဿာ ၆၀၀၀၀၀ကျပ် မှ ၇၆၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။မြေပဲ(ဆီဆံ)အနေဖြင့် အဝယ်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်ရှိခြင်း ၊ ဆောင်းနှမ်းစိုက်ပျိုးထားချိန်ဖြစ်ခြင်း ၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၃၃၅၀၀၀ ကျပ် မှ ၃၅၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးနိမ့်နေသည်။

 

နှမ်းညိုမှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

နှမ်းနက်မှာ မိုးနှမ်းအဝင်ရှိခြင်း ၊ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေး အကောင်းဆုံး ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းဈေးနှုန်းအနေဖြင့် စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်းရှိ သော်လည်း ရောဆီအဖြစ်သုံးရန် ဆီစက်သမား အဝယ်နည်းခြင်း ၊ ဘယဆေးသမား လက်လီသမား အဝယ်နည်းခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ ၁၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 နေကြာဈေးနှုန်းမှာ မိုးနေကြာ အဝင်နည်းသွားခြင်း ၊ ဆောင်းနေကြာ စိုက်ပျိုးထားဆဲဖြစ်ခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် အမြင့်ဆုံး ၁၂၅၀၀၀ ကျပ် မှ ယခုအပတ် ၁၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဆီဈေးနှုန်းအနေဖြင့် 

ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် ၊ 

နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ် ၊ 

နေကြာဆီ ၁၄၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် ၊ 

ပဲပုတ်ဆီ ၇၀၀၀ မှ ၈၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

 

မန္တလေး ကိုင်းတန်းဈေး စားဖိုဆောင်သီးနှံပွဲရုံများတွင် ငရုတ်ခြောက် (ရှည်)များ တစ်ပိဿာ ၁၃၀၀၀ ကျပ် ၊ ကြက်သွန်နီမှာ အသစ်မဝင်သေးခြင်း ၊ လက်ကျန် အရည်အသွေးကောင်းရှားခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၃၆၀၀ ကျပ် မှ ၄၂၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၃၄၀၀ ကျပ် မှ ၄၀၀၀ ကျပ် ၊ သေး တစ်ပိဿာ ၂၇၀၀ ကျပ် မှ ၃၈၀၀ ကျပ် သို့ ဈေးအသီးသီးမြင့်သွားသည်။

 

 ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပန်းဆက်သွယ်ရေး ကြောင့် အဝင်နည်းသွားခြင်းကြောင့် တစ်ပိဿာ ၁၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။

 

ကြက်သွန်ဖြူ(ရှမ်း)မှာ ကြက်သွန်ဖြူ(မြေပြန့်)မဝင်သေးခြင်း ၊ ကြက်သွန်ဖြူ(တရုတ်) ဈေးမြင့်ခြင်း ၊ ပစ္စည်းရှားခြင်းကြောင့် ကြက်သွန်ဖြူ(ရှမ်း)အား သုံးစွဲမှုများလာခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၁၀၀၀၀ ကျပ် မှ အကောင်းဆုံး ၁၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

အာလူး(တရုတ်)မှာ အဝင်နည်းသွားခြင်း ၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ နုသေးသဖြင့် ပြည်ပပို့ရန် အဝယ်မရှိခြင်းကြောင့် မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် တစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံများအား မြို့တွင်းသုံးနှင့် ရွှေတော ၊ မဘိန်း နှင့် ရန်ကုန်သို့ အမှာများ  တင်ပို့မှုရှိသည်။

ပဲမျိုးစုံဈေးကွက် အခြေအနေ

 မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ အသစ်စိုက်ရန် ပြင်ဆင်စဖြစ်၍ ပစ္စည်းကောင်းရှားခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်း ၊ ရေသွင်းပဲများ ဝင်ရောက်ခြင်းကြောင့် ယခင်အပတ် ၆၀ ပိဿာ ၂၈၂၀၀၀ ကျပ် မှ ယခုအပတ် ၂၇၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ဆောင်းပဲဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊ တရုတ်ဝယ်လက်နည်းပြီး ပဲခွဲစက်များ ဝယ်ယူမှုသာရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃ တင်း တစ်အိတ် ၁၆၅၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ စိုက်ပျိုးထားဆဲကာလဖြစ်၍ လက်ကျန်နည်း ပစ္စည်းရှား သော်လည်း ရန်ကုန်ဝယ်လက်မရှိဘဲ အရောင်းအဝယ်အေးခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၃၄၀၀၀၀ ကျပ် မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲစဉ်းငုံ(ဖြူ) မှာ ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်ရှိခြင်း ၊ ဆောင်းပဲစိုက်ပျိုးမှုရှိခြင်း ၊ မြို့တွင်းလုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ် ၂၁၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ၊ မိုးပဲအဝင်နည်းသွားခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ် မှ ၁၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲဈေးနှုန်းများအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်း ၊ ပစ္စည်းရှားသော်လည်း  လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၃ တင်း တစ်အိတ် ၂၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကုလားပဲ(လုံးဝါကြီး)မှာ ပဲခွဲစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၅၇၀၀၀ ကျပ် မှ ၂၅၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ လုံးဝါကြီး ဈေးငြိမ်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲယင်း ၊ မြေတောက်ပဲ ၊ စားတော်ပဲအုပ်စုအနေဖြင့် ပဲယင်းမှာ ခွဲစက်သမား ၊ ကြာဇံသမား အဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ် မှ ၁၅၃၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။မြေတောက်ပဲမှာ အဝင်ပုံမှန် ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်  ၅၄ ပိဿာ ၃၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး စားတော်ပဲမှာ လက်လီသမား  အဝယ်ပုံမှန်ရှိခြင်း ၊ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃ တင်း ၃၃၀၀၀၀ ကျပ်  မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲလွန်းဖြူ/ပြာ ဈေးနှုန်းများအနေဖြင့် ပဲလွန်းဖြူမှာ လက်လီသမားအဝယ်နည်းခြင်း ၊ မိုးပဲအဝင်များခြင်းကြောင့် ၃ တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၁၉၀၀၀၀ ကျပ် မှ ယခုအပတ် ၁၈၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲလွန်းပြာမှာ အရောင်းအဝယ်အေးသော်လည်း စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲစတင်ဝင်ရောက်မှုရှိခြင်း ၊ တရုတ်ဝယ်လက် ၊ ရန်ကုန်ဝယ်လက်မရှိခြင်း ၊ မြို့တွင်းလုပ်ငန်းသုံး ဝယ်ယူမှုသာရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၃၆၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ထောပတ်ပဲမှာ လုပ်ငန်းသုံးအဝယ်နည်းခြင်း ၊ မိုးပဲဝင်ရောက်မှုရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃ တင်းတစ်အိတ် ၄၁၀၀၀၀ ကျပ် မှ ၄၀၅၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ထောပတ်ပဲ(သေး)မှာ ၃၈၀၀၀၀ ကျပ် မှ ၃၇၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်(ရှမ်းတောင်)မှာ အဝင်များခြင်း ၊ အရည်အသွေးနိမ့်သွားခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာ ၂၀၀၀၀ ကျပ်ဖြင့် မြစ်ကြီးနား ၊ လုံးခင်းသို့ တင်ပို့မှုရှိသည်။ငရုတ်စို(ရှည်)မှာ သာစည် ၊ မိတ္ထီလာ မှ  အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ် ၊ ငရုတ်စို(လတ်)မှာ မုံရွာ ၊ ချောင်းဦးမှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

သစ်သီးဝလံအနေဖြင့် ပန်းသီး အိတ်စွပ် နှစ်ထပ်ဖာ ၂၄လုံးပါ တစ်ခုလျှင် ၅၄၀၀၀ ကျပ် ၊ ရမည်းသင်း ၊ မိတ္ထီလာ စပျစ်သီး တစ်ပိဿာ ၆၅၀၀ ကျပ် ၊ တရုတ် စပျစ် ၄ ပိဿာ တစ်ခြင်း ၄၅၀၀၀ ကျပ် ၊ ဂျပန် နာနတ် တစ်လုံးလျှင် ၄၀၀ ကျပ်ဈေးရှိသည်။

 

 မန္တလေးဝန်းကျင် မုံရွာ ၊ ချောင်းဦး မှာ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၅၀၀ ကျပ် မှ ၂ပိဿာခွဲဝင် တစ်လုံး ၂၀၀၀ ကျပ် ၊ သခွားမွှေး ၊ ရွှေသခွား ၁၈ လက်မဆိုဒ် ၄လုံး တစ်ဖာလျှင် ၁၀၀၀၀ ကျပ် ၊ ၂၀ လက်မဆိုဒ် ၄လုံးတစ်ဖာလျှင် ၁၂၀၀၀ ကျပ် ဖြင့် မြို့တွင်းသုံးနှင့်အမှာရှိသော မြို့များသို့  တင်ပို့မှုရှိသည်။

မြင်းမူ  ၊  ဆားတောင်  ၊  တံတားဦး  ၊  ငါန်းဇွန် ၊  ကျောက်ဆည်တို့မှ  သဘောႅသီးများဝင် ရောက်မှုရှိပြီး အလုံးသေး ၂လုံးတွဲ တစ်ထုပ် ၁၅၀၀ ကျပ် ၊ အလုံးကြီး တစ်လုံး ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

သီပေါဘက်မှ လိမ္မော်သီးများလည်း ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာလျှင် ၂၅၀၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 09 November 2023 11:18
Rate this item
(0 votes)