Fruits & Vegetables



အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှု ထိခိုက်နိုင်ဟု အင်ဒိုနီးရှား စားအုန်းဆီ အသင်း ပြောကြား

အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှု ထိခိုက်နိုင်ဟု အင်ဒိုနီးရှား စားအုန်းဆီ အသင်း ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားတွင် ပြည်တွင်း ဇီဝလောင်စာ ထုတ်လုပ်ရန်အတွက် စားအုန်းဆီ သုံးစွဲမှု ဆက်တိုက် မြင့်တက်နေခြင်း၊ စားအုန်းဆီ ပမာဏ ထပ်တိုးပြီး ထုတ်လုပ်ဖို့ မဖြစ်နိုင်ခြင်းတို့ကြောင့် စားအုန်းဆီ ပြည်ပတင်ပို့မှု လျော့ကျနိုင်သည့်အပြင် ပြည်တွင်း စားအုန်းဆီ ဖူလုံရေးကိုလည်း ထိခိုက်နိုင်သည်ဟု အင်ဒိုနီးရှား စားအုန်းဆီ လုပ်ငန်းရှင်များက စိုးရိမ်ပူပန်နေကြသည်။

 

အင်ဒိုနီးရှားတွင် ဇီဝဒီဇယ်အတွက် စားအုန်းဆီစားသုံးမှုသည် ယမန်နှစ်က ပြည်တွင်း စားသုံးသည့် ပမာဏထက် ပိုများခဲ့သည်။ ယခုလို ပိုများသည်ကို ယခင်က မကြုံခဲ့ဖူးချေ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ပိုများခဲ့ခြင်းဖြစ်သည်ဟု GAPKI ဟု အများသိကြသော အင်ဒိုနီးရှား စားအုန်းဆီ အသင်း Indonesian Palm Oil Association က ပြောကြားသည်။

 ယမန်နှစ်က စားသုံးမှုအတွက် ၄၄%၊ လက်သန့်ဆေးနှင့် ဆပ်ပြာ အစရှိသည်တို့ ထုတ်လုပ်ရာ၌ သုံးစွဲသည့် ကုန်ကြမ်း အမဲဆီအတွက် ၁၀% ၊ ဇီဝဒီဇယ်အတွက် ၄၆% သုံးစွဲခဲ့သည်။ ဇီဝဒီဇယ်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၂၃ ဒသမ ၂ သန်း သုံးစွဲခဲ့သည်။

 

 "ထုတ်လုပ်တဲ့ပမာဏက ပုံသေ ဖြစ်နေပြီး ပြည်တွင်း သုံးစွဲမှုက ပိုများလာနေတာကြောင့် မဖူလုံတော့မှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်"ဟု GAPKI ဥက္ကဋ္ဌ Eddy Martono က ပြောကြားသည်။

"စားသုံးမှုနှင့် စွမ်းအင်အတွက် အပြိုင် သုံးကြရင် ပြည်ပတင်ပို့နိုင်တဲ့ ပမာဏ ထိခိုက်လိမ့်မယ်"

 

စားအုန်းဆီသည် ကျောက်မီးသွေးနှင့် နီကယ်တို့နှင့်အတူ အင်ဒိုနီးရှား၏ အကြီးမားဆုံး ပို့ကုန်ဖြစ်သည်။ စားအုန်းဆီ တင်ပို့မှုကြောင့် အင်ဒိုနီးရှားသည် လပေါင်း ၄၀ ဆက်တိုက် ကုန်သွယ်ရေး ပိုငွေ ရရှိခဲ့သည်။

 

စားအုန်းဆီသည် ကမ္ဘာ့စားသုံးမှု အများဆုံး ဟင်းချက်ဆီဖြစ်ပြီး အင်ဒိုနီးရှားသည် စားအုန်းဆီ ထုတ်လုပ်မှု ကမ္ဘာ့အများဆုံး နိုင်ငံ ဖြစ်သည်။ ယမန်နှစ်က ထုတ်လုပ်မှု စုစုပေါင်း၏ ၅၈% နီးပါးကို ပြည်ပသို့ တင်ပို့ခဲ့သည်။

 

ယခုအခါ ပြည်တွင်း သုံးစွဲမှု ပိုများလာသဖြင့် ပြည်ပတင်ပို့မှု လျော့ကျလာနေသည်။

အင်ဒိုနီးရှား အစိုးရသည် ပြည်ပမှ စက်သုံးဆီ တင်သွင်းရသည့်အတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်ကို လျှော့ချရန် ပြည်တွင်း ဒီဇယ်သုံးစွဲမှုတွင် စားအုန်းဆီ ရောနှောပြီး ဇီဝဒီဇယ်ကို သုံးစွဲစေသည်။ 

ယမန်နှစ် ဖေဖော်ဝါရီလမှစ၍ ဒီဇယ်တွင် စားအုန်းဆီ ၃၅% မဖြစ်မနေ ရောနှောပြီး B35 ဇီဝဒီဇယ် သုံးစွဲစေခဲ့သည်။

 ယခုနှစ်တွင် စားအုန်းဆီ ၄၀% ရောနှောပြီး B40 ဇီဝဒီဇယ် သုံးစွဲရန် စီစဉ်နေသည်။

 

"B40 အထိ ကျွန်တော်တို့ စားအုန်းဆီ ဖူလုံတယ်လို့ ထင်ပါတယ်။ ထပ်တိုးပြီး စားအုန်းဆီကို ထည့်သုံးရင်တော့ ဖူလုံတော့မှာ မဟုတ်ဘူး"ဟု  Martono က ပြောကြားသည်။

 

B30.jpg

 

ပြည်တွင်းမှာ ဟင်းချက်ဆီအဖြစ် စား‌သုံးမှု၊ စားသောက်ကုန်အတွက် သုံးစွဲမှု၊ အမဲဆီ သုံးစွဲမှုတို့သည်လည်း မသိမသာ ပိုများလာနေသည်။ 

ထုတ်လုပ်မှု ပမာဏ ထပ်မတိုးနိုင်တော့ချေ။ စိုက်ခင်းများတွင် အပင်အိုများ အထွက်နှုန်း လျော့ကျနေသည်။ သစ်တောပြုန်းတီးမှု ကာကွယ်ရန် စိုက်ခင်းအသစ်များ တားမြစ်ထားသည်။ 

 

စိုက်ခင်းငယ်များတွင် အပင်အသစ် စိုက်နိုင်ရန် လယ်သမားများကို တစ်ဟက်တာ ရူပီယာ သန်း ၆၀ ($3,800) ထောက်ပံ့ကြေးပေးရန် အစိုးရက စီစဉ်နေသည်။ ၎င်းအစီအစဉ်တွင် ဟက်တာ ၁၈၀,၀၀၀ အကျုံးဝင်သည်။ 

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)