Restaurants
လျှာလည်လည် ဒုတ်ထိုးအဝစားဆိုင်
ဘယ်စားသောက်ဆိုင် ဘယ်လောက်ကောင်းတယ်ညွှန်းညွှန်း အဝစားဆိုမှ လက်တို့လိုက်ပါဆိုတဲ့ ဘော်ဒါတွေအတွက် ဖွင့်တာမကြာသေးတဲ့ ဝက်သားဒုတ်ထိုးအဝစားဆိုင်လေးအကြောင်းကို Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။
လားရှိုးညဈေးကတော့ အမှတ်(၆၆) ၊ ဝေဇယန္တာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့ နယ်ဖြစ်ပါတယ်။
ဝက်သားဒုတ်ထိုးဆို ဘယ်လောက်စားစားမတင်းတိမ်နိုင်ဘဲ တစ်ဗန်းလုံးစားရရင် သိပ်ကောင်းမှာပဲလို့ တွေးထားတဲ့ အစားတစ်လိုင်းတွေအတွက်တော့ တကယ့်ကို သတင်းကောင်းပါပဲ။
ဘယ်နေရာမှာ စားလို့ရမှာလဲဆိုတော့ အခုတလော ရေပန်းစားနေတဲ့ လားရှိုးညဈေးတန်းထဲမှာပဲဖြစ်ပါတယ်။ ဆိုင်နာမည်လေးကတော့ “လျှာလည်လည်” ပါ။
တစ်ယောက်ကို ၉၉၀ဝ ကျပ်တည်းနဲ့ ဝက်သားဒုတ်ထိုးအဝစားရမယ်ဆိုရင်တော့ တန်ပါတယ်။
ဆိုင်မှာတော့ ဝက်သားဒုတ်ထိုးသာမက ကြက်သားဒုတ်ထိုး၊ အမဲဒုတ်ထိုး၊ ငါးဖယ်ပဲပြားတို့ဟူး ဒုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေနဲ့ ရေခဲမုန့်၊ အအေးတွေလည်းပါ အဝစားဆိုတော့ အဆင်ပြေပါတယ်။
ဒါပေမယ့် စားဖို့အချိန်ကလည်း တစ်နာရီခွဲပဲ အချိန်ရတယ်ဆိုတော့ ဒီအချိန်အတွင်းအဝစားရပါလားဆိုပြီး စိတ်မယိုင်ပါနဲ့။
အရင်ဆုံးစားပွဲမှာ ဟင်းရည်တည်ဖို့ ကြက်ဟင်းရည်(သို့) ဝက်ဟင်းရည်ဆိုပြီး ကြိုက်ရာရွေးလို့ရပါတယ်။
ဝက်သားဒုတ်ထိုးတွေကတော့ လှီးပြီးသားတွေရွေးယူလို့ရသလို စိတ်တိုင်းကျလည်း လှီးခိုင်းလို့ရသေးတယ်။ ဝက်အသဲ၊ အသား၊ အူကောက်ညှင်းအစာသွပ်၊ အချင်းတိုင်၊ လျှာ၊ ဂုတ်သား အပြင် အမျိုးစုံနေအောင်လှီးပေးပါသေးတယ်။
ဆော့စ်တွေကလည်း ရယ်ဒီရှိသလို စိတ်တိုင်းကျလည်း စပ်လို့အောင် အရံသင့်ချထားပေးတယ်။ ဂတ်စ်မီးဖိုလေးနဲ့ အပူပေးပေးထားတဲ့ ဟင်းရည်အိုးလေးထဲမှာ စိတ်ကြိုက်အသားတွေချည်းထည့်ပြီး လည်း စားနိုင်ပါတယ်။ အသားတွေကလည်း နူးနူးအိအိလေးနဲ့ စားရတာအဆင်ပြေမှာပါ။
ဟင်းရည်အရသာလေးလေး တော်တော့ကိုကောင်းတယ်။ အဓိကကတော့ လုပ်ထားတာ သန့်နေတာလေးတွေက ကျေနပ်စရာပါ။
ကြက်သားဒုတ်ထိုး၊ အမဲဒုတ်ထိုးနဲ့ အခြားဒုတ်ထိုးတွေလည်း စားလို့ကောင်းပါတယ်။ ဒုတ်ထိုးအပြင် ကြာဇံကြော်၊ ခေါက်ဆွဲကြော်ကလည်း ရိုးရိုးဝက်သားဒုတ်ထိုးဆိုင်တွေလို ခြောက်ခြောက်ကပ်ကပ်ကြီးလို မကြော်ဘဲ စားလို့ကောင်းအောင် ကြော်ထားတာကိုလည်းတွေ့ရပါတယ်။
အအီပြေဖို့အတွက်ဆိုရင်တော့ လီမွန်တီးနဲ့ လိမ္မော်ရည်ကိုလည်း သောက်သုံးနိုင်ပါတယ်။ ၎င်းအပြင် ရေခဲမုန့်လည်း စားလို့ရပါသေးတယ်။ ရေခဲမုန့်ကို အမျိုးအစား ၅ မျိုးထားပေးတယ်။ Rainbow, Green Tea, Coconut, Durain, Strawberry အစရှိသဖြင့် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ပါတယ်။
အစားနှေးတဲ့လူတွေအတွက်တော့ တစ်နာရီခွဲက နည်းနည်း နည်းတယ်လို့ ထင်လိမ့်မယ်။ ဝက်သားဒုတ်ထိုးကို စိတ်ကြိုက်စားချင်တယ်ဆိုရင်တော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးဖြစ်ပါတယ်။
ဆိုင်ကို ညနေ(၃)နာရီကနေ ည(၁၁)နာရီအထိ ဖွင့်လှစ်ထားပါတယ်။