Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ သစ်သီးတင်ပို့မှု အရောင်းအဝယ်ပြန်လည် စတင်

တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့၊ ကားဝန်းထဲ၌ ထောင်ချီသောင်တင်ပိတ်မိနေသော ခါလီယာဉ်များ ပြန်လည် ထွက်လာနိုင်ခြင်းကြောင့်

မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ဘက်သို့ သစ်သီးတင်ပို့ ရောင်းဝယ်မှုကို ၃ ရက် ယာယီရပ်တန့်ခဲ့ရာ ဇန်နဝါရီ ၃ ရောက်နေ့မှ စတင်ပြီး တင်ပို့ရောင်းဝယ်မှုအား ပုံမှန်အတိုင်း ပြန်လည်စတင်ခဲ့ပြီဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅) မိုင် သစ်သီးအေးဂျင့် မိသားစုထံမှ သိရသည်။

တရုတ်နိုင်ငံ၊ ဝမ်တိန်ကားဝန်းထဲ၌ ခါလီယာဉ်များပိတ်မိနေသည့် ကာလတွင် ပြည်တွင်းဘက်ရှိ ခါလီယာဉ်ဌားရမ်းမှုသည် ယခင်ပုံမှန်ဈေးနှုန်းထက် တစ်ဆမြင့်တက်နေသလို သစ်သီးတင်ပို့နိုင်ရန် ခါလီယာဉ်ရှာဖွေမှု ခက်ခဲလာမှုတို့ကြောင့် သစ်သီးတင်ပို့မှု အရောင်းအဝယ် ယာယီ ရပ်တန့်နေခြင်းဖြစ်သည်။ ပိတ်မိနေသည့် ခါလီယာဉ်များကို အမြန်ဆုံးပြန်ထွက်လာနိုင်ရန် မူဆယ်မြို့၊ နယ်စပ်ဒေသ၊ အာဏာပိုင်များက တရုတ်နိုင်ငံ၊ နယ်စပ်ဒေသ အာဏာပိုင်များထံ တောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ခါလီယာဉ်များ ပြန်လည်ထွက်လာနိုင်သည်။ လက်ရှိတွင် ပိတ်မိနေသည့် ခါလီယာဉ်များ တစ်ရက်လျှင်အစီးရေ စုစုပေါင်း ၄၀၀ ကျော် ပြန်ထွက်လာနိုင်ခြင်းကြောင့် ခါလီယာဉ်အကုန်လုံးနီးပါး ပြန်ထွက်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အရောင်းအဝယ် ပြန်လည်စတင်သည့် ဇန်နဝါရီလ ၃ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် သစ်သီးယာဉ် စုစုပေါင်း အစီး ၃၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ “အခုတော့ အဆင်ပြေသွားပါပြီ၊ ဝမ်တိန်ကားဝန်းထဲက ခါလီယာဉ်တွေ ကုန်သလောက်ဖြစ်နေပါပြီ၊ ဒီနေ့နံနက်ပိုင်းမှာ သစ်သီးယာဉ်စုစုပေါင်း ၁၈၁ စီးနဲ့ နေ့ခင်းပိုင်းမှာ အစီးရေ ၁၃၀ တို့ကို တစ်ဖက်နိုင်ငံဘက် တင်ပို့နိုင်ခဲ့ပါတယ်၊ သစ်သီးအရောင်းအဝယ်နဲ့ ပတ်သက်ပြီး ခန့်မှန်းရောင်းလိုအားနှင့် ဝယ်လိုအား ညီမျှနေမယ်ဆိုရင် ဈေးတက်လာဖို့ မျှော်လင့်ပါတယ်”လို့ (၁၀၅) မိုင်၊ သစ်သီးအေးဂျင့်အဖွဲ့ဝင်ဦးစိုးခိုင်က ပြောကြားသည်။

သစ်သီးအရောင်းအဝယ် ပြန်လည်စတင်ပြီးနောက် ခါလီယာဉ်များ ပြန်လည်မပိတ်မိစေရန်အတွက် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင်ထားကြောင်း သိရပြီး ကုန်ချပြီးသည့် ခါလီယာဉ်များ အနေဖြင့်လည်း တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့သို့ ဝင်ရောက်သွားသည့် စီနီယာအတိုင်း စနစ်တစ်ကျ စီတန်း၍ ပြန်လည်ထွက်လာကြရန်လိုအပ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ခါလီယာဉ်တွေ ပိတ်မိနေပြီး သစ်သီးအရောင်းအဝယ် ရပ်တန့်ခဲ့ရပါတယ်၊ နောက်ထပ်ခါလီယာဉ်တွေ ထပ်မပိတ်မိဖို့အတွက် နယ်စပ်ဒေသ၊ တာဝန်ရှိအာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်၊ ဒါ့ပြင် ဒီဘက်က စီနီယာအတိုင်း ဝင်ရောက်သွားတဲ့ သစ်သီးပို့ကုန်ယာဉ်အနေနဲ့ ကုန်ချပြီးနောက် ဝမ်တိန်ကွင်းဘက်မှာ စီနီယာအတိုင်းစနစ်တစ်ကျ စီတန်းပြီးတော့ သူ့စီနီယာယာဉ်အတိုင်း ပြန်ထွက်လာမယ်ဆိုရင်တော့ ပိတ်မိတဲ့ကိစ္စမျိုးလည်း မဖြစ်တော့ဘူးပေါ့”လို့ မူဆယ်မြို့၊ (၁၀၅) မိုင် သစ်သီးအေးဂျင့် မိသားစုအသင်းမှ ဒုတိယဉက္ကဋ္ဌ ဒေါ်အေးဇင်မြင့်က ပြောသည်။

လက်ရှိအချိန်၌ သစ်သီးဈေးနှုန်းသည် မတည်မငြိမ်ဖြစ်နေပြီး အလျင်ရောင်းဝယ်လိုခြင်းနှင့်အတူ အရည်အသွေးမပြည့်မီသည့် သစ်သီးတင်ပို့မှု များပြားလာခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့သလို သစ်သီးဈေးနှုန်းကောင်း ရရှိနိုင်ရန်အတွက် သစ်သီးတောင်သူများအနေဖြင့် အရည်အသွေးပြည့်မီသည့် သစ်သီးများကို ဦးစားပေးတင်ပို့ကြရန်လိုအပ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

MDN

Read times
Rate this item
(0 votes)