Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာရှမ်းကောအကြောင်း သိကောင်းစရာ

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မြိုချမိသွားပြီလား။

 

အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။

 

မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခု ဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။

 

မာလာရှမ်းကောဆိုတာ

===============


မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပါယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ ဆီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။

 

မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ ငရုပ်သီးခြောက်၊ ဒူဘန်းလို့ ခေါ်တဲ့ ပဲအစပ်နှစ်၊ ဆီချွမ်ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ လေးညှင်း၊ စမုန်စပါး၊ စမုန်နက်၊ ဖာလာနက်၊ချင်း၊ စင်နာမွန်၊ ဆားနဲ့ သကြားတို့ပါပဲ။ ဒီအရာတွေကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမှမဟုတ် ဟင်းရွက်ဆီတွေနဲ့ မီးအေးအေးမှာတင်ပြီး နာရီနဲ့ချီကြိုချက်ထားတာပါ။

 

မာလာအနှစ်ထဲက ပါဝင်ပစ္စည်းအများစုဟာ သဘာဝထုတ်ကုန်တွေချည်းဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာတွေရော ကျန်းမာရေးနဲ့မညီညွတ်တာတွေပါ ရောနှောပါဝင်နေပြီး အဓိကအားဖြင့် အပူအစပ်စာတွေကိုချည်း စုစည်းထားတာမို့ အစာခြေစနစ်နဲ့ ဝမ်းဗိုက်ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။

 

မာလာရှမ်းကောဆိုတာက ဒီမာလာအနှစ်ကို အသားတွေ၊ အသင့်စားအသားလုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဟင်းချက်ဆီတွေနဲ့ တွဲဖက်ချက်ပြုတ်ဖန်တီးရတာကြောင့် ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

 

အကြမ်းဖျဉ်းအားဖြင့် အသားတစ်မျိုးမျိုးနဲ့ ဖန်တီးထားတဲ့ မာလာရှမ်းကော ၂၀၀ ဂရမ်မှာ ကယ်လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ်၊ ပရိုတန်း ၅၄ ဂရမ်၊ ဆား ၃၆၇ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၀ ဂရမ်၊ ကိုလက်စထေရာ ၁၅၁ မီလီဂရမ်၊ ဖိုင်ဘာ ၃ ဂရမ်၊ သကြား ၁ ရမ်နဲ့ ကာဘိုဟိုက်ဒြိတ် ဂရမ်ပါဝင်နေတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတေအတွက်တော့ မဖြစ်မနေရှောင်ကျဉ်ရမယ့် အစားအစာလို ဆိုရပါလိမ့်မယ်။

 

မာလာရှမ်းကောက စွဲလမ်းစေသလား

========================

 

ပြောရရင် ပိုင်မုန့်တွေလိုပါပဲ။ သာမန်အခြေအနေတွေကနေကွဲထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ကို ထူးခြားနေတာမျိုးပေါ့။ မာလာရှမ်းကောတွေကလည်း လူတွေစွဲမက်သွားစေတဲ့ အရသာတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ စပ်တဲ့ ပူတဲ့အစားအစာတွေ အများကြီးရှိပေမယ့် မာလာရှမ်းကောလောက်တော့ လူတွေကို ဆွဲဆောင်နိုင်စွမ်းမမြင့်မားလှပါဘူး။

 

ပူစပ်တဲ့ အနှစ်နဲ့ လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ ပင်လယ်စာတွေ ရောနှောချက်ပြုတ်ထားတာမို့ ပူပူနွေးနွေးစားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာအပြင် ပူပူစပ်စပ်ဝေဒနာကြောင့် စိတ်လှုပ်ရှားစေတာကလည်း ဒီဟင်းအမယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

 

စိတ်ပညာသဘောအရဆိုရင်လည်း လူတွေဟာ အရသာကြောင့်အစားအစာကို နှစ်သက်ကြတာဖြစ်ပေမယ့် အရသာထက်ပိုကဲပြီး စိတ်ခံစားချက်တစ်စုံတစ်ရာကိုပါ နှိုးဆော်နိုင်တဲ့ အစားအစာတွေကို ပိုနှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ ကော်ဖီတို့ ချောကလက်တို့လိုမျိုးပေါ့။

 

မာလာရှမ်းကောကို ဆိုရင်လည်း ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကားတွေနောက်မှာ လျှာကိုတဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။ မာလာရှမ်းကောကို ဆွဲဆောင်မှုဖြစ်စေတဲ့ နောက်ထပ်တစ်ချက်ကတော့ ပါဝင်ပစ္စည်းထဲက ဆီချွမ်ဒေသထွက် ငြုပ်ကောင်းမှုန့်ဖြစ်ပြီးတော့ သူ့ရဲ့ အပူအစပ်အရသာက ဒီအစားအသောက်ရဲ့ အသက်လို့တောင်ဆိုကြပါတယ်။

 

မာလာရှမ်းကောကိုလည်းကြိုက်တယ် ဝိတ်လည်းမတက်ချင်ဘူး

==========================================

 

မာလာရှမ်းကောမှာ အဓိက ကျန်းမာရေးနဲ့ မညီညွတ်စေတာက အဆီနဲ့ ဖြည့်စွက်အမယ်တွေပါပဲ။ ဆီတွေ၊ အသားတွေ၊ အဆီများတဲ့ ဝက်သားတွေ၊ အသင့်ပြုပြင်ထားတဲ့ အသားလုံးတွေ၊ အပိုဖြည့်စွက်ထားတဲ့ ဆားနဲ့ သကြားတွေက ကျန်းမာရေးကို အဓိက ထိခိုက်စေတာပါ။

 

ဒါပေမယ့် ဒါတွေကို ဖယ်လိုရင် ကျန်းမာရေးနဲ့ ညီညွတ်သွားမယ်လို့ မဆိုသာပါဘူး။ သူ့ရဲ့ အနှစ်မှာနဂိုပါဝင်နေတဲ့ ပစ္စည်းတွေက ဗိုက်မကောင်းသူတွေနဲ့ မသင့်လျော်ပါဘူး။ ဒါကြောင့် မာလာရှမ်းကောကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

 

တစ်ခုရှိတာက အမြဲတမ်းမဟုတ်ပဲ နှစ်ပတ် ၁ ခါ၊ ဒါမှမဟုတ် ၁ လ တစ်ခါလောက်သာ စားမယ်ဆိုရင် ကုန်ကျစရိတ်လည်း နည်းပါးမှာဖြစ်သလို ဒီလိုစားသောက်မှုကြောင့် ရလာမယ့် အဆီတွေ၊ ကယ်လိုရီတွေကိုလည်း ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းခြေဖျက်နိုင်တာမို့ အဆင်ပြေနိုင်ပါတယ်။

 

ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ သားငါးတွေကို အဓိက အသုံးပြုပြီး ဆီ၊ ဟင်းခတ်မှုန့်နဲ့ ဆားတွေကို ပမာဏနည်းနည်းသာထည့်သွင်းပြီး ချက်ပြုတ်စားနိုင်ပါတယ်။

 

 

Read times
Rate this item
(1 Vote)