Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် ဓာတ်မြေဩဇာ ထုတ်လုပ်သူ အကြီးစားများ ပြည်ပတင်ပို့မှု ဆိုင်းငံ့

တရုတ်နိုင်ငံမှ မြေဩဇာထုတ်လုပ်တဲ ကုမ္ပဏီ အကြီးစားတွေက ပြည်တွင်းဈေးကွက်မှာ ဖူလုံတာ သေချာစေဖို့အတွက် ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်း ဈေးကွက်မှာ ဓာတ်မြေဩဇာဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့တဲ့နောက်မှာ အခုလို ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဖော့စဖိတ် ဓာတ်မြေဩဇာတင်ပို့မှု ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်မှာ ဖော့စဖိတ်ဓာတ်မြေဩဇာ တန်ချိန် ၃ ဒသမ ၂ သန်း တင်ပို့ထားပြီးပြီ ဖြစ်ပါတယ်။ အဓိက ဝယ်လက်တွေကတော့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဖြစ်ပါတယ်။ ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၄ သန်းကိုလည်း တင်ပို့ခဲ့ပြီးပြီ ဖြစ်ပါတယ်။

အမျိုးသား ဖွံဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ဓာတ်မြေဩဇာလုပ်ငန်းတွေကို ဆင့်ခေါ်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ ဓာတ်မြေဩဇာ လှောင်ခြင်းနဲ့ ဈေးကစားခြင်းတွေကို ပပျောက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးကို ဘယ်ကုမ္ပဏီတွေ တက်သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
နိုင်ငံပိုင် ဓာတ်မြေဩဇာလုပ်ငန်းကြီးတွေ ဖြစ်တဲ့ Sinofert Holdings Ltd ၊ Sinoagri Group ၊ China National Offshore Oil Corp (CNOOC) နဲ့ China National Coal Group တို့ ပါဝင်မှာတော့ သေချာတယ်လို့ အကြောင်းသိသူတွေက ပြောကြားပါတယ်။

တရုတ်နိုင်ငံမှာ ဓာတ်မြေဩဇာ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပြီး ဝယ်လိုအား ကြီးမားနေဆဲဖြစ်တဲ့အပြင် ပင်လယ်ရပ်ခြားဈေးကွက်တွေမှာလည်း ဝယ်လိုအား မြင့်တက်နေချိန်မှာ တရုတ်ပြည်တွင်း ထုတ်လုပ်မှု လျော့ကျနေတဲ့အပြင် စွမ်းအင်စရိတ်တွေကလည်း မြင့်တက်နေတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်မှာ ရေကြီးလို့ တချို့ ဓာတ်မြေဩဇာ စက်ရုံတွေ ရပ်နားထားရတယ်။

ယူရီယား ဓာတ်မြေဩဇာ ဈေးနှုန်းက ကျန်းကျို ကုန်စည်ဒိုင်မှာ တစ်တန်ကို ၂,၆၁၆ ယွမ်( ကန်ဒေါ်လာ ၄၀၅.၁၉) အထိ ခုန်တက်သွားတယ်။
ပြင်ပပေါက်ဈေးက တစ်တန်ကို ၂,၈၁၄ ယွမ် ဖြစ်နေတာ ဇူလိုင်လဆန်းကတည်းက ဖြစ်ပါတယ်။ ဇွန်လတုန်းက တစ်တန်ကို ၂,၆၇၄ ယွမ်ရှိခဲ့ရာမှ ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခြေအနေကြောင့် အစိုးရက ဝင်ရောက်ကိုင်တွယ်လိုက်တာ ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုများ ယာယီရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပေမဲ့ သင်္ဘောတင်ဖို့ စီစဉ်ထားပြီးသားတွေကို ဆက်လက်တင်ပို့နေဦးမှာ ဖြစ်လို့ ပြတ်လပ်တာကို စက်တင်ဘာလက စလို့ နောက်ပိုင်းကျမှ ကြုံကြရမှာ ဖြစ်ပါတယ်။
အခုလို ယာယီရပ်ဆိုင်းထားတဲ့ကာလ အတိအကျကိုတော့ မသိနိုင်ပါဘူး။ ပြည်တွင်းမှာ ဓာတ်မြေဩဇာဈေးနှုန်း ကျဆင်ပြီး ပုံမှန်အနေအထား ပြန်ရောက်တဲ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

($1 = 6.4563 Chinese yuan renminbi)

Source: reuters.com

Read times
Rate this item
(0 votes)