Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ် ငှက်ပျောကုန်ကား ရာနဲ့ချီ စောင့်ဆိုင်းနေရ

ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ် ငှက်ပျောကုန်ကား ရာနဲ့ချီ စောင့်ဆိုင်းနေရ

တရုတ်-မြန်မာ နယ်စပ်ဂိတ် ၂ ခုကို အင်္ဂါနေ့မှာ ပြန်ဖွင့်ပေးဖို့ သဘောတူထားပေမယ့် တရုတ်နိုင်ငံဘက်က ဖွင့်မပေးသေးတာကြောင့် မြန်မာဘက်က ကုန်စည်တွေ တင်ဆောင်လာတဲ့ ကားတွေ နယ်စပ်မှာ စောင့်ဆိုင်းနေကြရတယ်လို့ ကန်ပိုက်တည် နယ်စပ်ကုန်သည်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ပိတ်ထားတဲ့ နယ်စပ်တွေကို ပြန်ဖွင့်ပေးဖို့ သဘောတူထားပေမယ့် လက်တွေ့ ပြန်မဖွင့်နိုင်သေးတဲ့ အခြေအနေအပေါ် ကုန်သည်တွေရဲ့ သဘောထား အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန် ပြောပြပေးမှာပါ။
တရုတ်ပြည်ထဲဝင်ဖို့ ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေတဲ့ ငှက်ပျောတင်ထားတဲ့ ကုန်တင်ကား ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမယ်လို့ တရုတ်ဘက်က ကနဦး သဘောတူထားပေမယ့် လက်တွေ့မှာ မဖွင့်သေးတာကြောင့် အခုလို ကုန်ကားတွေ ပိတ်ဆို့ခဲ့ရတာပါ။ အစောပိုင်းမှာတုန်းက အောက်တိုဘာလ ၁၅ ရက်မှာဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ နိုဝင်ဘာလ ၅ ရက်ကို ရွှေ့ခဲ့ပြီး အခုနောက်ဆုံး ဒီဇင်ဘာလ ၇ ရက်မှာ ပြန်ဖွင့်ဖို့ ပြောထားပေမယ့် အင်္ဂါနေ့အထိ ပြန်မဖွင့်သေးဘူးလို့ ကန်ပိုက်တည်ကုန်သည်အသင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်လိန်းက ဗွီအိုအေကို ပြောပါတယ်။
“တကယ်တမ်းဆို မဖွင့်သေးဘူး။ အဝင်အထွက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီ ဗမာပြည်ဘက်က Ready တွေ ဖြစ်နေကြတာပေါ့နော်။ ကုန်ကားတွေ ကုန်စည်တင်ပို့ဖို့လေ။ ဒီမှာ ဝိုင်းမော်တလျှောက်မှာလည်း တန်းစီပြီးတော့ စောင့်နေတာ ပြည့်နေတာပဲပေါ့နော် ယာဉ်အစီး ၇၀၀ လောက်ရှိတယ်။ အခုက ဗမာပြည်က ကားအစီး ၅၀၀ ဝင်ခိုင်းတယ်ဆိုလို့ အဲဒီအစီး ၅၀၀ ကို တန်းစီနေကြတယ်။”
တရုတ်ပြည်ထဲဝင်ဖို့ တန်းစီနေတဲ့ ကုန်ကားအများစုက တစ်ရှူးငှက်ပျောတင်ထားတဲ့ ကားတွေ ဖြစ်ပါတယ်။ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးကို တရုတ်လုပ်ငန်းရှင်တွေက ပိုင်ဆိုင်တယ် ဆိုပေမယ့်လည်း တရုတ်အစိုးရဘက်က လတ်တလောမှာ ဒီဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ မရေမရာ ဖြစ်နေပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေနဲ့ ဆက်နွှယ်နိုင်တယ်လို့လည်း ကုန်သည်တွေက ယူဆနေကြပါတယ်။
“သူတို့ တရုတ်အစိုးရသည် ဒီငှက်ပျောလောက်ကို ဂရုကို မစိုက်တာနော။ ကပ်ရောဂါနဲ့ နိုင်ငံရေးက နွယ်နေတဲ့အခါကျတော့ ကပ်ရောဂါလို့ပဲ အကြောင်းပြတာပေါ့နော်။ နိုင်ငံရေးကို ချန်ထားလိုက်တာပေါ့။ သိတဲ့အတိုင်း တရုတ်က NUG နဲ့ရော စစ်အစိုးရနဲ့ရော ခွနေတဲ့အခါကျတော့ သိတယ်မလား ဘယ်ဟာမှ တိတိလင်းလင်း မလုပ်ဘူး ဖြစ်နေတာလေ။ ဟိုလိုလို ဒီလိုလိုဖြစ်နေလို့ နယ်စပ်ဂိတ်ပေါက်တွေလည်း ဟိုလိုလို ဒီလိုလို ဖြစ်နေတာ။ သူတို့တွေသွားရင်လည်း မိုင်းခွဲခံရမှာလား၊ ဘယ်သူတွေ တိုက်ခိုက်ခံရမလဲ အဲလိုမျိုးတွေကြောင့်။ တရုတ်ပြည်ဖွင့်တယ်ဆိုရင်တော့ တမျိုးဖြစ်သွားမယ်ထင်တယ်။”
ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဇူလိုင်လလယ်ကတည်းက ကပ်ရောဂါအကြောင်းပြပြီး ပိတ်ထားခဲ့တာပါ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်ပြီးရင် ကချင်ပြည်နယ် ဒီဂိတ်နှစ်ခုကလည်း အထိုက်အလျောက် အရေးပါတာ ဖြစ်ပါတယ်။
မူဆယ်မှာလည်း ကျင်စန်းကျော့ကို မကြာသေးခင်က ဖွင့်ပေးလိုက်ပေမယ့် တရုတ်ဘက်မှာ အကောက်ခွန်စနစ်တွေ အပြောင်းအလဲ လုပ်ထားတာကြောင့် အချိန်ကြန့်ကြာပြီး မြန်မာဘက်က သီးနှံတွေ ပျက်စီးနေရပါတယ်။ ကပ်ရောဂါ အကန့်အသတ်တွေထက် ပိုမိုဆိုးရွားတဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

VOA

Read times
Rate this item
(0 votes)