Chinese



ပြည်ပပို့ကုန် မြေထောက်ပဲနှင့် နှမ်းနက်များ စျေးနှုန်းမြင့်ကာ အရောင်းသွက်လာ

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကာလတွင် မန္တလေးစျေးကွက်အတွင်း၌ အိန္ဒိယပို့ကုန်ဖြစ်သည့် မြေထောက်ပဲနှင့်

တရုတ်ပြည်ပို့ကုန်ဖြစ်သည့် စမုန်နက်နှမ်းများ စျေးနှုန်းများမြင့်တက်ကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါပို့ကုန်များသည် ယခုနှစ်စကာလတွင် စျေးကွက်အတွင်း၌ အဖွင့်စျေးကောင်းများဖြင့် စတင်ဝင်ရောက်လာကာ စျေးကောင်းများရရှိနေကြောင်း လက်ရှိတွင် မြေထောက်ပဲသည် ပြီးခဲ့သည့်နှစ်ကာလတူအချိန်က သုံးတွင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၀,၀၀၀ သာရှိခဲ့သော်လည်း ယခုစတင်ဝင်ရောက်ချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်စချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ စျေးတို့ဖြင့် စျေးနှုန်းများ ကောင်းမွန်ကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ကပြောကြားသည်။

 

Pro Plus Furniture

 

“ယခုနှစ်စပိုင်းမှာပဲ မန္တလေးပဲစျေးကွက်ထဲမှာ အိန္ဒိယပို့ကုန်ဖြစ်တဲ့ မြေထောက်ပဲနဲ့ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ စမုန်နက်နှမ်းများဟာ အမြင့်စျေးနှုန်းတွေနဲ့ ဝင်ရောက်လာပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယပို့ကုန် မြေထောက်ပဲတွေဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဗန်းမော်၊ ကသာ၊ ထီးချိုင့်စတဲ့ ဒေသတွေက စတင်ဝင်ရောက်နေပါပြီ၊ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ စမုန်နက်နှမ်းတွေဟာလည်း ရွှေဘို၊ စလင်း၊ ဆင်ဖြူကျွန်၊ မုံရွာ၊ ပခုက္ကူ၊ ထီးချိုင့်၊ တကောင်းစတဲ့ နယ်တွေက ဝင်ရောက်လာပါတယ်။ နှစ်စမှာတင် စျေးတက်နေတာကြောင့် နောက်ပိုင်းမှာ အလားအလာကောင်းလာမှာပါ။ ဒီနှစ်အဖို့က သုံးနှစ်ကြာပိတ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကိုလည်း ယခုလ ၈ ရက်မှာ စတင်ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းကြောင့် အားလုံးဝမ်းမြောက်စွာ ကြိုဆိုနေကြပါတယ်။ ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် စိုက်ပျိုးရေးပို့ကုန်တွေနဲ့ အခြားပို့ကုန်တွေဟာ အလားအလာ ကောင်းမွန်နေပါတယ်” ဟု ၎င်းကပြောသည်။

 

လက်ရှိအချိန်တွင် မန္တလေးပဲစျေးကွက်အတွင်း၌ မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၃,၀၀၀၊ ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၄,၀၀၀၊ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ မြေပဲလုံးဆန်(အနီ) တစ်ပိဿာလျှင် ငွေကျပ် ၇,၃၀၀၊ ပြောင်းဖူးစေ့ တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၀,၀၀၀ စသည့် ပေါက်စျေးများဖြင့် အရောင်းသွက်နေကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmr Food Industry Guide

Read times Last modified on Wednesday, 18 January 2023 16:06
Rate this item
(0 votes)