Chinese



တရုတ်ပြည်မှာ ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီးများ ဈေးကျ

တရုတ်ပြည်မှာ ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီးများ ဈေးကျ 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

“လတ်တလောမှာ ပြည်ပမှ တင်သွင်းလာတဲ့ ငှက်ပျောဈေးက မကြုံစဖူး အနိမ့်ဆုံးကို ရောက်နေပါတယ်" ဟု New Moon Agriculture Development Corp မှ Tom Yan က ပြောကြားသည်။ New Moon သည် ငှက်ပျောသီးများကို ဖိလစ်ပိုင်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုမ္ပဏီ ဖြစ်သည်။ 

တရုတ်နိုင်ငံသည် ငှက်ပျော အများအပြား စိုက်ပျိုးသည့်နိုင်ငံဖြစ်ပြီး အများအပြား စားသုံးသည့်နိုင်ငံလည်း ဖြစ်သည်။

 

ဆောင်းရာသီတိုင်းတွင် အေးလာသည်နှင့်အမျှ ပြည်တွင်း၌ ငှက်ပျောသီးများသည် အအေးဒဏ်ကြောင့် ညိုမည်းကာ အရောင်ပြောင်းသွားသဖြင့် ရောင်းပန်းမလှချေ။ ထိုအခါ ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီးများ ရောင်းအား ကောင်းကြသည်။

ယခုနှစ်တွင် အခြေအနေသည် ယခင်ကနှင့် မတူတော့ချေ။ 

“အရင်ဆောင်းရာသီမှာဆိုရင် တရုတ်နိုင်ငံရဲ့ ငှက်ပျောထွက်တဲ့ အဓိကဒေသဖြစ်တဲ့ ကွမ်ရှီးမှာ အ‌အေးချိန်က ၁၃ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားတယ်။ ပြည်ပမှ တင်သွင်းတဲ့ ငှက်ပျောသီးများ ရောင်းအား အမြင့်ဆုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အခြေအနေက ထူးခြားတယ်။ လက်ရှိမှာ ပြည်ပမှ တင်သွင်းတဲ့ ငှက်ပျောသီးများ ဈေးကွက်ထဲ စုပြုံရောက်ရှိနေတယ်။ ရောင်းအားက အကျဘက်ရောက်နေတယ်။ အရောင်း မသွက်ဘူး" ဟု ၎င်းက ပြောကြားသည်။

“လောလောဆယ် ဖိလစ်ပိုင်ကနေ တင်သွင်းတဲ့ ငှက်ပျောသီးတွေရဲ့ ဈေးနှုန်းဟာ တရုတ်ဈေးကွက်မှာ ဈေးကျနေတယ်။ မကြုံစဖူး အနည်းဆုံးဈေးနှုန်း ဖြစ်နေတယ်။ ဈေးကျနေတော့ တင်ပို့တာလည်း လျော့ကျပါတယ်။ မနှစ်ကထက် ၄၀% လောက် နည်းသွားတယ်" ဟု ၎င်းက ပြောကြားသည်။

 

photo_2023-12-24_13-17-13.jpg

 

ဖိလစ်ပိုင်ငှက်ပျောသီးများ တရုတ်ပြည်သို့ တင်ပို့မှု လျော့ကျရသည့် နောက်ထပ် အကြောင်းရင်း တစ်ခုမှာ ဖိလစ်ပိုင် ငှက်ပျောခင်းများတွင် ပနားမားညှိုးသေရောဂါကြောင့် အထွက်နည်းခြင်းလည်း ပါဝင်သည်။

 

"တရုတ်ဈေးကွက်ထဲ ဗီယက်နမ် ငှက်ပျောသီးတွေ အ‌မြောက်အမြား ဝင်နေတာကြောင့်လည်း ဈေးကျစေပါတယ်။ တရုတ်ပြည်တွင်း ရာသီဥတု အခြေအနေကလည်း ဒီနှစ် ပြောင်းလဲတယ်။ တရုတ်ပြည် စီးပွားရေး အခြေအနေကလည်း ကျနေတယ်" ဟု ၎င်းက သုံးသပ်သည်။ 

ကုန်သည်အများအပြားသည် ဆောင်းတွင်းရောင်းအားတက်ချိန်အတွက် အသင့်ဖြစ်နေစေရန် ပြည်ပမှ ငှက်ပျောသီးများကို တင်သွင်းပြီး သိုလှောင်ထားခဲ့ကြသည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း အပူချိန် ကျဆင်းမည့်အစား ရုတ်တရက် မြင့်တက်လာသည်။ သို့ဖြစ်ရာ ပြည်တွင်း ငှက်ပျောသီးများ အအေးဒဏ် မထိသဖြင့် ညိုမည်းခြင်း မရှိသဖြင့် ပြည်ပမှတင်သွင်းသည့် ငှက်ပျောသီးများ အရောင်အဆင်း‌ ပိုကောင်းသည့် အားသာချက် မရရှိတော့ချေ။ "ဈေးချပြီး ရောင်းချကြရတယ်။ ဒီတော့ ဈေးအကျဘက် ရောက်သွားတယ်" ဟု Tom က ပြောကြားသည်။

 

"အခုတလောမှ အအေးလှိုင်းက ရောက်လာတယ်။ အပူချိန် ထိုးကျသွားတယ်။ အေးလွန်းတဲ့အခါ သစ်သီးဝလံ စားတာ လျော့ကျတယ်" ဟု ၎င်းက ပြောကြားသည်။

"ယခုနှစ် ပထမနှစ်ဝက်မှာ ပြည်ပမှ တင်သွင်းတဲ့ ငှက်ပျောသီးများ ဈေးတက်လာတာကြောင့် ဗီယက်နမ်မှာ ငှက်ပျောစိုက်တဲ့သူ ပိုများလာတယ်။ ဗီယက်နမ်ငှက်ပျောသီးတွေ တရုတ်ပြည်ကို တင်ပိူ့ကြတယ်။ ဖိလစ်ပိုင်ထက် ပိုများတယ်။ ဗီယက်နမ် ငှက်ပျောသီး အဝင်များတော့ ဈေးကွက်ထဲ ငှက်ပျောသီးတွေ ဈေးကျကုန်တယ်" ဟု Tom က ပြောပြသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံအတွက် ငှက်ပျောသီး အဓိက အရင်းအမြစ်နိုင်ငံများဖြစ်သည်ဟု Tom က ဆိုသည်။

 

"ဗီယက်နမ်ငှက်ပျောက ရာသီချိန်မှာ ပေါ်တယ်။ ဖိလစ်ပိုင် ငှက်ပျောက တနှစ်ပတ်လုံး ရတယ်။ ရာသီချိန် မဟုတ်ရင် ဗီယက်နမ်ငှက်ပျောကို ဖိလစ်ပိုင် ငှက်ပျောက ပြိုင်စရာ မလိုတော့ဘူး။ အဓိကပြိုင်ဘက် ကမ္ဘောဒီးယား ငှက်ပျောသီးကို ဖိလစ်ပိုင်ထက် ပိုကြိုက်ကြတယ်" ဟု ၎င်းက ပြောကြားသည်။

 

photo_2023-12-24_13-17-17.jpg

  New Moon  သည် "D&J" အမှတ်တံဆိပ်အမည်ဖြင့် ငှက်ပျောသီးများကို ရောင်းချပြီး တရုတ်ဈေးကွက်ကို အဓိကထားသည်။

 

"တရုတ်ပြည်မှာ ဒေသ တခုနဲ့တခု ငှက်ပျောသီး အကြိုက်မတူကြဘူး။ မြောက်ပိုင်းမှာ အဖီးကြီးကြီးကို ကြိုက်ကြတယ်။ ရှန်ဟိုင်းတဝိုက်မှာ အရွယ်မကြီးတဲ့ တလုံးချင်း ခြွေထားတာကို ကြိုက်ကြတယ်။ ရှန်ကျန်းကျတော့ အရွယ်ကြီးကြီး ငှက်ပျောသီးတွေကို ကြိုက်ကြတယ်"ဟု Tom က ပြောပြသည်။

Source freshplaza


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 24 December 2023 13:21
Rate this item
(0 votes)