India
မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ဧရိယာ ဟက်တာ ၂၁ သိန်းကျော် ထိခိုက် ပျက်စီး
အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ခုနှစ် မုတ်သုံသီးနှံရာသီကာလတွင် နိုင်ငံ၏မြောက်ပိုင်းရှိ နေရာဒေသအချို့မှအပ
နိုင်ငံတစ်ဝန်းလုံး၌ မိုးကောင်းစွာ ရွာသွန်းခဲ့ခြင်းကြောင့် သီးနှံများစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ဧရိယာဟက်တာသိန်းပေါင်း ၆၀ ကျော် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သော်လည်း ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း တို့ကြောင့် စိုက်ခင်းများထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီး Mr. Narendra Singh Tomar က ၁၈.၉.၂၀၂၀ နေ့တွင် ကျင်းပသည့် ရာဂျာဆာဘ လွှတ်တော်အစည်းအဝေး၌ ယခုနှစ် မိုးရာသီ၌ သီးနှံစိုက်ခင်းများ ထိခိုက်မှုဖြစ်ပေါ်သည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံအတွင်း ပြည်နယ် ၁၅ ခု၌ မိုးသီးနှံဧရိယာ ဟက်တာ ၂၁ သိန်းကျော်သည် ထိခိုက်ပျက်စီးခဲ့ သည်ဟု တင်ပြခဲ့သည်။
ရာဂျာဆာဘလွှတ်တော်သို့ ဝန်ကြီး Mr. Tomar က စာဖြင့် ရေးသားတင်ပြမှုအား အိန္ဒိယသတင်းဌာနများမှ ဖော်ပြချက်အရ မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများထိခိုက်ပျက်စီးသည့် ပြည်နယ်များအနက် ဘီဟာပြည်နယ်သည် ဟက်တာ ၉.၂၂ သိန်းကျော်ဖြင့် စပါး၊ ပြောင်းနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကာနာတကာပြည်နယ်၌ စပါး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားနှံစားသီးနှံများ စိုက်ပျိုးဧရိယာ ဟက်တာ ၃.၃၁ သိန်းခန့် ပျက်စီးမှု ရှိခဲ့သည်။
ဩရိသျှပြည်နယ်တွင် သီးနှံများ တတိယအများဆုံးပျက်စီးမှုရှိပြီး စပါးနှင့် သစ်သီးဝလံပန်းမန် ဟက်တာ ၂.၂၁ သိန်းခန့် ထိခိုက်ခဲ့ပြီး အာသံပြည်နယ်၌ စပါး၊ ပြောင်း၊ ဂုန်လျှော်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ဧရိယာ ဟက်တာ ၁.၉ သိန်းခန့် ထိခိုက်မှုရှိကာ မဟာရတ္ထပြည်နယ်တွင် ဝါဂွမ်း၊ နှံစားပြောင်း၊ ပဲစင်းငုံနှင့် နနွင်းစိုက်ခင်း ဟက်တာ ၁.၇ သိန်းခန့် ပျက်စီးခဲ့သည်။
ဒါ့အပြင် တဲလန်ဂါနာပြည်နယ်၌လည်း စပါး၊ ဝါ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းပေါင်း ဟက်တာ ၁.၄၃ သိန်းကျော် ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည် လို့ သိရသည်။
သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုအပေါ် တောင်သူလယ်သမားများအနေဖြင့် သက်သာမှုရရှိစေရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်ရန် ပြည်နယ်များ၌ သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေး ရန်ပုံငွေများကို ထူထောင်ထားပြီးပြည်နယ်များ၌ ရန်ပုံငွေလုံလောက်မှုမရှိပါက ထိခိုက်ဆုံးရှုံးမှု များပြားသည့် ကိစ္စရပ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ရန်ပုံငွေမှ ပံ့ပိုးမှုပြုမည်လို့ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့သည်။
ယခုနှစ် မုတ်သုံရာသီကာလတွင် မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် ဂူဂျရတ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့တွင် မြေပဲ၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားပဲမျိုးစုံစိုက်ခင်းများမှာ ဟက်တာ ၇ သိန်းမှ ၈ သိန်းခန့်အထိ အသီးသီး ရေလွှမ်းမိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည် ဟု ပြည်တွင်းရှိ သတင်းဌာနများက ရေးသားဖော်ပြမှုများရှိကြသော်လည်း သက်ဆိုင်ရာပြည်နယ် အာဏာပိုင်များက အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသို့ သတင်း ပေးပို့မှုမရှိသေးဘူးလို့ သိရသည်။
By Myanmar Food Guide
myantrade.gov