Japan

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နှစ်သာသာ လုပ်ကိုင်ခဲ့ပြီးသည့်နောက် Foodpanda ဂျပန်မှ ထွက်ခွာ

တစ်နှစ်သာသာ လုပ်ကိုင်ခဲ့ပြီးသည့်နောက် Foodpanda ဂျပန်မှ ထွက်ခွာ

ဂျပန်ဈေးကွက်ထဲ ဝင်ရောက်လုပ်ကိုင်ခဲ့တာ တစ်နှစ်သာသာမှာ ဂျာမနီမှ စားစရာပို့လုပ်ငန်းကြီး Delivery Hero က ဂျပန်မှ ထွက်ခွာတော့မယ်လို့ အသိပေးကြေညာပါတယ်။
Foodpanda brand ဖြင့် လုပ်ကိုင်ခဲ့ရာ အပြိုင်အဆိုင် တိုးလာခြင်း၊ ယာဉ်မောင်းများ မလုံလောက်ခြင်းတို့ကြောင့် ထွက်ခွာရတယ်လို့ ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှု ပြန်ဆွဲထုတ်ရခြင်းက ဂျပန် အပါအဝင် အာရှနိုင်ငံများမှာ စားစရာပို့ လုပ်ငန်းကဏ္ဍမှာ ဒေသတွင်း လုပ်ငန်းများက ကမ္ဘာ့လုပ်ငန်းကြီးများကို လန်ကျအောင် လုပ်နိုင်စွမ်း ရှိနေကြောင်း ပြသပါတယ်။

အိမ်ရာအရောက်ပို့ ဝန်ဆောင်မှုကဏ္ဍ ဈေးကွက်က ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပြီး အော်ပျရတာများအနေဖြင့် မိမိရဲ့ လုပ်ငန်းကြီးထွားရေး မဟာဗျူဟာကို ပြန်စဉ်းစားဖို့ အတင်းအကျပ် စေခိုင်းနေတဲ့ ဖိအားများ သက်ရောက်နေပါတယ်။
လာမယ့်နှစ်များမှာ လုပ်ငန်းတူချင်း ပေါင်းစည်းပြီး လုပ်ကိုင်ခြင်းဖြင့် ကြံ့ခိုင်အောင် လုပ်ဆောင်ကြလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Delivery Hero က ၂၀၂၀ စက်တင်ဘာလမှာ ဂျပန်ဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။
COVID-19 ကာလမှာ စားစရာ ပေးပို့တဲ့ ဝန်‌ေဆောင်မှု လိုအပ်ချက် မြင့်မားခဲ့တယ်။
ကမ္ဘာ့တတိယအကြီးမားဆုံး စီးပွားရေးဖြစ်တဲ့ ဂျပန်ဟာ ကုမ္ပဏီအဖို့ အရေးပါတဲ့ ဈေးကွက်တစ်ခု ဖြစ်လာမယ်လို့ မျှော်မှန်းခဲ့ပါတယ်။ အရင်းအမြစ်တွေ အများကြီး သုံးစွဲပြီး ဂျပန်လုပ်ငန်းခွဲကို ထူထောင်ခဲ့ပါတယ်။


Foodpanda ရဲ့ စီအီးအို Jakob Angele က အာရှ-ပစိဖိတ် ဒေသကို စင်ကာပူရှိ ရုံးချုပ်မှ ဦးစီး လုပ်ကိုင်နေခဲ့ရာမှ ၂၀၂၀ နှစ်ကုန်ပိုင်းမှ ၂၀၂၁ နှစ်ဆန်းအထိ သုံးလတိုင်တိုင် ဂျပန်မှာ ရုံးထိုင်ပြီး ဈေးကွက်အသစ်ထဲ လုပ်ငန်းကို တည်ဆောက်ခဲ့ပါတယ်။

ဈေးကွက်အမျိုးမျိုးမှာ အောင်မြင်မှု အတွေ့အကြုံတွေ ရှိခဲ့တယ်။ ဖွံဖြိုးပြီးနိုင်ငံ စင်ကာပူနဲ့ တိုင်ဝမ်မှအစ ပေါ်ထွန်းစ ဘင်္ဂလားဒေ့ရှ် အထိ Foodpanda အောင်မြင်မှု ရခဲ့လို့ ဂျပန်မှာလည်း အောင်မြင်မှု ရရှိအောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်။
ကိုဘေး၊ ယိုကိုဟားမား၊ နာဂိုယာ စတဲ့ မြို့ကြီးတွေကို စဝင်တယ်။ စားစရာပို့ ဝန်ဆောင်မှုအပြင် အခြားပစ္စည်းတွေ အိမ်တိုင်ရာရောက် ပေးပို့တဲ့ ဝန်ဆောင်မှု တိုးချဲ့လုပ်ကိုင်ဖို့ ရည်ရွယ်ထားတယ်။

ဒါပေမဲ့ နောက်ကျမှ ဝင်လာတဲ့အတွက် ပြိုင်ဘက်တွေကြားမှာ ပွဲကျပ်ကျပ်ကို ယှဉ်ပြိုင်ရတယ်။
ဦးဆောင်နေတဲ့ ကစားသမား နှစ်ဖွဲ့ ရှိနေတယ်။ အမေရိကန်လအခြေစိုက် Uber Technologies နဲ့ ဒေသခံ Demae-can တို့ ဖြစ်ပါတယ်။ Demae-can က တိုကျိုစတော့အိပ်ချိန်းစာရငါးဝင် ကုမ္ပဏီဖြစ်ပြီး ရေပန်းစားတဲ့ စာတိုပို့အက်ပ် Line က ကျောထောက်နောက်ခံ ပြုပေးထားတယ်။
Uber Technologies ရဲ့ စားစရာပို့ ဝန်ဆောင်မှု လုပ်ငန်း Uber Eats မှာ စားသောက်ဆိုင် ၁၃၀,၀၀၀ ခန့် ချိတ်ဆက်ထားတာ ရှိနေတယ်။
Demae-can မှာက ၁၀၀,၀၀၀ ကျော် ရှိနေတယ်။
လုပ်ငန်းနှစ်ခုစလုံး ထက်ထက်သန်သန်ဖြင့် ရင်းနှိးမြှုပ်နှံမှုများ တိုးချဲ့နေကြတယ်။ အဓိကက ဖောက်သည်တွေ ပိုရဖို့အတွက် ဖြစ်ပါတယ်။ Demae-can က ဩဂုတ်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်း ယန်း ၂၀.၆ ဘီလျံ ( အမေရိကန်ဒေါ်လာ ၁၀၈ သန်း) အသားတင်ရှုံးတယ်။

Foodpanda က ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း ပြိုင်ဘက်လုပ်ငန်းကြီးနှစ်ခုထက်တော့ နည်းနေတယ်။
ဂျပန်မှ ICT Research and Consulting က ဖေဖော်ဝါရီလမှာ ဖြေဆိုသူ ၃,၆၀၀ ကိုစစ်တမ်း ကောက်ခဲ့တာမှာ Demae-can နဲ့ချိတ်ထားတယ်လို့ ဖြေဆိုသူ ၄၂၈ဦး၊ Uber ကို ချိတ်ထားတယ်လို့ ဖြေဆိသူ ၄၂၆ ဦး ရှိပြီး Foodpanda နဲ့ ချိတ်ထားတယ်လို့ ဖြေဆိုသူ ၃၄ ဦးသာ ရှိခဲ့ပါတယ်။
အခြားဖြေဆိုသူတွေမှာ အခြားလုပ်ငန်းငယ်တစ်ခုခုနဲ့ချိတ်တက်ထားတာ၊ ကိုယ်တိုင်ပေးပို့တာ၊ စားစရာပို့ ဝန်ဆောင်မှု မပေးတာတွေ ဖြေဆိုကြပါတယ်။
ဂျပန် စားစရာပို့ ဝန်ဆောင်မှုဈေးကွက်ထဲသို့ ပသစ်ဝင်လာသူတွေလည်း ရှိပါတယ်။
အမေရိကန်မှာ Uber ရဲ့ပြိုင်ဘက် DoorDash က ၂၀၂၀ မတ်လကတည်းက ဝင်ရောက်လုပ်ကိုင်နေတဲ့ ဖငါလန်နိုင်ငံအခြေစိုက် Wolt ကို ယူရို ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၈ ဘီလျံ)ဖြင့် ဝယ်ယူလိုက်ပြီး ဂျပန်မှာ ဝင်ရောက်လုပ်ကိုင်တယ်။
တရုတ်ပြည်မှ တက္ကဆီ ခေါ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကြီး Didi Chuxing ကလည်း ဂျပန်ကို ချဲ့ထွင် လုပ်ကိုင်တယ်။ ယမန်နှစ်က အိုစာကာ စီရင်စုမှာ စတင်လုပ်ကိုင်ခဲ့ပြီး စီရင်စု ၈ ခု တိုးချဲ့ လုပ်ကိုင်ခဲ့ပါတယ်။

ပွဲကျပ် ကစားနေရပြီး အပြိုင်အဆိုင် ပြင်းထန်နေလို့ ဖောက်သည်တိုးလာစေဖို့ မားကက်တင်း ကုန်ကျစရိတ်နဲ့ ယာဉ်မောင်းရရှိရေး ပြဿနာတို့က အမြတ်ရနိုင်စွမ်းကို ယုတ်လျော့နေစေတယ်။
ဂျပန်မှာသာမက အာရှမှ အခြား ဈေးကွက်တွေမှာလည်း အလားတူ ကြုံတွေ့ကြရတယ်။
စင်ကာပူမှာ ယူကေမှ Deliveroo ၊ Foodpanda ၊ မလေးရှားမှာ မွေးဖွားပြီး စင်ကာပူမှာ ကြီးပြင်းတဲ့ superapp Grab ရဲ့ GrabFood တို့ သုံးပွင့်ဆိုင် ပြိုင်ဆိုင်နေကြတယ်။
အင်ဒိုနီးရှားမှာ အိမ်ရှင် superapp Gojek ရဲ့ GoFood နဲ့ GrabFood တို့ အကြီးမားဆုံး နှစ်ဖွဲ့ ပြိုင်နေကြပြီး ယမန်နှစ်မှာ စင်ကာပူမှ Sea က ShopeeFood ကို လျင်လျင်မြန်မြန် ချဲ့ထွင်ပြီး ပြိုင်ဆိုင်တယ်။

ထိုင်းမှာ Gojek က ဈေးကွက်ဝေစု ၇% ပဲ ရတယ်။ Grab က ၅၀% ရထားပြီး Foodpanda က ၂၃% ၊ Line က ၂၀% ရထားတယ်။ Gojek ဝေစုက နည်းလွန်းနေတယ်။ ဇူလိုင်လမှာ Gojek က ထိုင်းမှာ လုပ်ကိုင်နေတာ အားလုံးနီးပါးကို မလေးရှားမှ AirAsia ထံ ရောင်းလိုက်တယ်။

Foodpanda က ဂျပန်လုပ်ငန်းခွဲကို ၂၀၂၂ ပထမ ၃လပတ်အတွင်း ရောင်းချဖို့ ရည်မှန်းထားတယ်။

Read times
Rate this item
(0 votes)