Korea
ကိုရီးယားစတိုင် ဝက်သားရေညှိလိပ်
ကိုရီးယားအစားအစာကို ဆိုင်တွင် သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဝက်သား ရေညှိလိပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ၀က်သား၊ ရေညှိရွက်၊ ဝက်အူချောင်း ကြက်သွန်ဖြူ၊ ချင်း၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆန်အရက်၊ နှမ်းဆီမွှေး၊ ဆလတ်ရွက် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီးလျှင် အသားကို ပါးပါးလွှာပြီးထားပါ။
ပြီးလျှင် ဝက်အူချောင်းကို လည်း အတုံးကလေးများတုံးထားပါ။
ပြီးနောက် လွှာထားသော ဝက်သားကို ရေညှိရွက်၊ ၀က်အူချောင်းထည့်ပြီး အတူလိပ်ထားပါ။
ပြီးရင်တော့ လိပ်ထားသော ဝက်သားလိပ်ကို သွားကြားထိုးတံနှင့်ထိန်းပြီး အကွင်းလိုက် လက်မ၀က်ခန့် လှီးဖြတ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင်တော့ ဝက်သားရေညှိလိပ်ကို အိုးပူတိုက်ပြီး ကြော်ပေးထားပါ။
ဝက်သားရေညှိလိပ် အညိုရောင်သန်းလာလျှင် ဆန်အရက်အနည်းငယ်ထည့်ပြီး ဆန်အရက်ခန်းလျှင် ကြက်သွန်ဖြူ၊ ချင်း၊ ခရုဆီနှင့် ပဲငံပြာရည်တို့ ထည့်ချက်လိုက်ပါ။
ပြီးရင် ဝက်သားရေညှိလိပ်နူးအောင် ရေနွေးအနည်းငယ်ထည့်လိုက်ပါ။
ဝက်သားရေညှိလိပ်နူးရင်တော့ နှမ်းဆီမွှေးအနည်းငယ်ထည့်ပြီး ဆလတ်ရွက်တို့နှင့် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။