Myanmar
ဝက်သားဟင်းထုပ်
ဝက်သားကြိုက်နှစ်သက်သူများအတွက် ယခုပြုလုပ်မယ့် ၀က်သားဟင်းထုပ်က မြင်လိုက်ရင်တော့ ရှမ်းဟင်းထုပ်နဲ့ တူသလိုရှိပါလိမ့်မယ်။
ဒါပေမယ့် ရှမ်းဟင်းထုပ်တော့မဟုတ်ပါဘူး။ ၀က်သားဟင်းထုပ် လုပ်နည်းလေးကိုတော့ အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်မြိတ်၊ ၀က်သား၊ ခရမ်းချဉ်သီး၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆီ၊ ကြက်ဥ၊ ငှက်ပျောရွက်၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအကြမ်းဖတ်ကြော်တို့ လိုအပ်ပါမယ်။
ပထမဆုံး ငှက်ပျောရွက်ကို ကိုယ်ဟင်းထုပ်ထုပ်မည့် အရွယ်ပြင်ဆင်ထားပါ။ ပြီးနောက် ငှက်ပျောရွက မကွဲထွက်အောင် ရေနွေးပူဖြင့် ဖျော်ထားပေးပါ။ ပြီးလျှင် အ၀တ်သန့်သန့်နှင့် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြောက်သွေ့သန့်စင်အောင် သုတ်ထားပေးပါ။
ပြီးနောက် ကြက်သွန်မြိတ်ကို သန့်စင်ဆေးကြောပြီး ရေစစ်၍ တစ်လက်မခန့်အရွယ် လှီးဖြတ်ထားပါ။
ပြီးလျှင် ဝက်သားကို ရေဆေးသန့်စင်ပြီး အတုံးသေးသေးလေးတွေတုံးပြီး ဇလုံတစ်ခုထဲထည့် ဆား၊ ဟင်းခတ်မှုန့်ထည့်နယ်၊ ကြက်ဥဖောက်ထည့်နယ်ပြီး ရေခဲသေတ္တာ မခဲတဲ့အထပ်မှာ တစ်နာရီခန့် နှပ်ထားပါ။
ပြီးနောက် ဇလုံတစ်လုံးထဲမှာ ဆန်မှုန့်၊ ကော်မှုန့်ထည့်၊ ဆားနဲ့ ကြက်သားမှုန့်ထည့်၊ ဆီနဲ့ ရေထည့်ပြီး သမအောင် မွှေပေးထား၊ နောက်ဆုံးမှ ကြက်သွန်မြိတ်နဲ့ ဝက်သားထည့်ပြီးနယ်လိုက်ပါ။
ငှက်ပျောရွက်အလယ်မှာ အဆာထည့်ပြီးထုတ်၊ ပြေမထွက်စေရန် သွားကြားထိုးတံဖြင့်ထိုးထားပါ။
ပြီးမှ ပေါင်းအိုးဆန်ခါတွင် ဟင်းထုပ်များထည့်ပြီး နာရီဝက်ခန့်ပေါင်းထားပါ။ ဟင်းထုပ်ကို ပူပူနွေးနွေးစားပါမှ အရသာ ပိုကောင်းပါမယ်။
ဟင်းထုပ်ကျက်ပြီဆိုရင်တော့ ဂျူးမြစ်၊ ဝက်ခေါက်ကြော်၊ ဆန်လုံးစီကြော်၊ ငရုတ်သီးခြောက်ကြော်တို့နဲ့ မြိန်ယှက်စွာ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ထိုင်းစတိုင်လ် ကွေ့တီယို