Myanmar
အလှူအတန်းများအတွက် နို့စိမ်းသရက်ကျောက်ကျော
ဝါတွင်းကာလလည်းဖြစ် သရက်သီးပေါ်တဲ့အချိန်လေးမှာတော့ အိမ်မှာ လွယ်လင့်တကူပြုလုပ်နိုင်တဲ့ နို့စိမ်းသရက်ကျောက်ကျောပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများကတော့ ကျောက်ကျောမှုန့်၊ သရက်သီး၊ နို့စိမ်း၊ နွားနို့၊ နို့ဆီ၊ သကြား၊ သံပရာသီး၊ ရေ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး နို့စိမ်းအလွှာပြုလုပ်ရန်အတွက် အိုးတစ်အိုးထဲမှာ နို့စိမ်း၊ နွားနို့၊ နို့ဆီ နှင့် ကျောက်ကျောမှုန့် တို့ကိုထည့်၍ မီးဖိုပေါ်တွင် တည်လိုက်ပါ။
တည်ထားသော ကျောက်ကျောပွက်လာလျှင် မွှေပြီး မိနစ်အနည်းငယ်ခန့် ဆက်တည်ထားပါ။
ပြီးနောက် ကျောက်ကျောခဲမည့် ဘန်းထဲကိုထည့်ပါ။
နို့စိမ်းအလွှာကို ဘန်းထဲထည့်၍ အအေးခံနေတုန်းမှာ သရက်သီးအလွှာအတွက် သရက်သီးကို အခွံနွှာ အတုံးလေးတွေတုံးပြီး ဖျော်ရည်ဖျော်စက်ထဲထည့်၊ သံပရာသီးတစ်စိတ် အရည်ညှစ်ထည့်၊ ရေ ထည့်၍ ညက်နေအောင်ကြိတ်ပါ။
ပြီးလျှင် ဇကာဖြင့်တိုက်၍ သရက်သီးအမျှင်ဖတ်များကို ဖယ်ထားပါ။ ပြီးရင်တော့ သရက်သီးအနှစ်ကို ရပါပြီ၊
သရက်သီးကျောက်ကျောအလွှာအတွက် ရေ၊ သကြား၊ ကျောက်ကျောမှုန့် တို့ ကိုထည့်၍ မီးဖိုပေါ်မှပွက်လာသည်အထိတည်ပေးပါ။
ပွက်လာလျှင် မွှေပြီး မိနစ်အနည်းငယ်ခန့် ဆက်တည်ပါ။ ပြီးနောက်မီးဖိုမီးကိုပိတ်၍သရက်သီးအနှစ်များကိုထည့်ပါ။
ကြက်ဥမွှေတံဖြင့် သမအောင်ပြုလုပ်ပါ။ ပြီးလျှင် နို့ စိမ်းအလွှာပေါ်ကို ဖြေးဖြေးချင်းလောင်းထည့်ပါ။
နောက်ဆုံးတွင် နို့စိမ်းသရက်ကျောက်ကျော အအေးခံ၍ လိုအပ်သလိုလှီးပြီး နို့ စိမ်းသရက်ကျောက်ကျောကို သုံးဆောင်နိုင်ပါတယ်။