Myanmar
ပိန္နဲသီးထောင်းပြုလုပ်နည်း
ပိန္နဲသီးပေါ်ချိန်လေးမှာ ပိန္နဲသီးကိုပြုတ်ပြီး ချဉ်ချဉ်ငံငံ စပ်စပ် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ ပိန္နဲသီး၊ သကြား၊ ဆား၊ ငရုတ်သီးအလှော်မှုန့်၊ ငရုတ်သီးအကြမ်းဖတ်၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပရာသီးတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပိန္နဲသီးကို အကွင်းလိုက်လှီးပြီး မိနစ်အနည်းကြာအောင် ပြုတ်ပေးထားပါ။
ပြီးလျှင် အအေးခံပြီး အနေတော်လေးတွေဖြစ်အောင် လှီးထားပါ။
ပြီးနောက် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးလျှင် နံနံပင်ကို ရေဆေးပြီး အနေတော်ဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးရင်တော့ ငရုတ်သီး အကြမ်းမှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ သံပရာသီး၊ ဆား၊ သကြား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်းတို့ကို ပြင်ဆင်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ခပ်ဖွဖွ ထောင်းပေးကာ သံပရာရည်ညှစ်ထည့်လိုက်ပါ။
အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ အားလုံး သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါတယ်။
ထောင်းပြီးတာနဲ့ အရသာ သမသွားအောင် ဇွန်းနှင့်မွှေပေးပါ။
အရသာ မြည်းပြီးပြီဆိုတာနဲ့ လိုသလို ပြင်ပေးကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာရှိတဲ့ ပိန္နဲသီးထောင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။