Myanmar
ပုစွန်သံပရာပေါင်း
ငါးသံပုရာပေါင်းက လူသိများပေမဲ့ ပုစွန်သံပုရာပေါင်းက လူသိနည်းနေပါသေးတယ်။
ထူးထူးခြားခြားလေးဖြစ်သွားအောင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့အတွက် အိမ်မှာချက်ကြည့်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ချင်း၊ ယိုးဒယားပုစွန်ငံပြာရည်၊ သံပရာသီး၊ ဆား၊ ရှမ်းနံနံ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး လတ်ဆတ်တဲ့ ပုစွန်ကိုရွေးဝယ်ပြီး ခေါင်း၊ ကျောရိုးက အညိုကျော ကိုဖယ်ရှားသန့်စင်ထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံမြစ်၊ ချင်း တို့ကိုရောပြီး မညက်တညက်ထောင်းပါ။
ပြီးနောက် အိုးထဲတွင်ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ထားပါ။
ရေနွေးဆူထဲသို့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံမြစ်၊ ချင်း တို့ကိုရောပြီး မညက်တညက် ထောင်းထားတာကို အစုံကိုထည့်လိုက်ပါ။
ပြီးနောက် ယိုးဒယား ပုစွန်ငံပြာရည်၊ သံပရာရည် တို့ကို ထည့်လိုက်ပါ။
ပြီးရင်တော့ ပုစွန်ကိုထည့်ပါ။ မိနစ်အနည်းငယ်ခန့်စောင့်ပြီး အရသာအပေါ့အငန်မြည်းပါ။ နောက်ဆုံးမှ နံနံနှင့်ရှမ်းနံနံအုပ်လိုက်ပါ။
နောက်ဆုံးမှာတော့ အရသာအရမ်းရှိတဲ့ ပုစွန်သံပရာပေါင်းကို အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။