Myanmar
ထမင်းမြိန်စေမယ့် ပုစွန်ကင်ပွန်းချဉ်ရွက်ကြော်
ခံတွင်းမတွေ့သူများအတွက် ချဉ်ချဉ်စပ်စပ်လေးနဲ့ ထမင်းမြိန်စေမယ့် ပုစွန်ကင်ပွန်းချဉ်ရွက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ကင်ပွန်းချဉ်ရွက်၊ ကြက်သွန်နီ၊ ငရုတ်သီးအကြမ်းဖတ်၊ ငရုတ်သီးစိမ်းတောင့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကိုအခွံနွှာပြီး ရေဆေးသန့်စင်ပေးပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့်၍ ဆီကို မီးအပူပေးကာ ကြက်သွန်နီနှင့် ငရုတ်သီးအကြမ်းဖတ်ထောင်းထားတာကို ထည့်၍ ဆီသတ်ပေးပါ။
ပြီးနောက် ပုစွန်ကိုထည့်လိုက်ပါ။ ပြီးရင်တော့ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငံပြာရည်ထည့်ပြီး ရောမွှေပေးပါ။
ပြီးရင်တော့ ပုစွန်ကွေးပြီး အနံ့မွှေးလာရင် ကင်ပွန်းချဉ်ရွက်နှင့် ငရုတ်သီးအစိမ်းတောင့်များထည့်၍ မွှေပေးထားပါ။
ကင်ပွန်းချဉ်ရွက်များကျုံ့ လာပြီး ဆီပြန်လာပြီဆိုရင်တော့ အရသာမြည်းကြည့်ပါ။
ပြီးနောက် မီးဖိုပေါ်မှချ၍ ထမင်းပူပူလေးနဲ့ ချဉ်စပ် ပုစွန်ကင်ပွန်းချဉ်ရွက်ကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



