Myanmar
ကလေးများအကြိုက်တွေ့စေမယ့် ၀က်အူချောင်း ထမင်းကြော်
ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး ကလေးများနှင့် လူကြီးများ အကြိုက်တွေ့စေမယ့် ၀က်အူချောင်း ထမင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ထမင်း၊ ၀က်အူချောင်း၊ ကြက်ဥ၊ ပြောင်းဖူးအသေး၊ ဗိုလ်စားပဲ၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပါဝင်ပစ္စည်းများဖြစ်တဲ့ ဗိုလ်စားပဲတောင့်၊ ပြောင်းဖူးသေးနှင့် မုန်လာဥနီတို့ကို ရေဆေးပြီး အတုံးငယ်များအဖြစ် လှီးဖြတ်ထားပါ။
ပြီးလျှင် ဝက်အူချောင်းကိုလည်း ပါးပါးလှီးထားပါ။
ပြီးနောက် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေပါ။
ပြီးရင်တော့ ဝက်အူချောင်းထည့်ပြီး ဝက်အူချောင်းရဲ့အနံ့နဲ့ ဆီထွက်လာပြီဆိုလျှင် လှီးထားတဲ့ ပြောင်းဖူးသေး၊ မုန်လာဥနီနှင့် ဗိုလ်စားပဲတို့ကို ထည့်လိုက်ပါ။ ပြီးနောက် ကြက်သားမှုန့် အရသာများထည့်ပြီး ထမင်းထည့်လိုက်ပါ။
နောက်ဆုံး ထမင်းကြော်လည်းကျက်ပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်မှာပြင်ကာ ကြက်သွန်မြိတ်ဖြူးပြီး မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါတယ်။



