Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဝက်သုံးထပ်သား ကြံမဆိုင်ဟင်း

မုန်ညှင်းစိမ်းနဲ့ အချဉ်သိပ်ထားတဲ့ ကြံမဆိုင်တွေ ပေါပေါများများရပြီဆိုတော့ အသားများများပါတဲ့ ဝက်သားသုံးထပ်သားလေးနဲ့ ရောပြီး ချက်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ ဝက်သား၊ ကြံမဆိုင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဖြင့်သန့်စင်ဆေးကြောပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့အတူ ဝက်သားကို နယ်ထားပါ။

 

ပြီးနောက် ကြံမဆိုင်များကိုလည်း အပင်လိုက် ရေဆေးပြီးရင် အရိုးရဲ့ အောက်ဖက်နေရာလေးကို အနည်းငယ်လှီးထုတ်လိုက်ပါ။

 

ပြီးလျှင် ကျန်အပိုင်းကို တစ်လက်မ အရှည်လေးတွေလှီးပြီး ရေစစ်ထားလိုက်ပါ။

 

ပြီးနောက် ကြက်သွန်နီကို ညက်အောင်ပြုလုပ်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားလိုက်ပါ။

 

ပြီးလျှင် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့်လိုက်ပါ။ ဆီပူရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။

 

ကြက်သွန်များ နွမ်းရင် ဝက်သားထည့်ကာ မီးအနည်းငယ်လျော့ပြီး နှစ်မိနစ်ခန့်လုံးချက်ချက်ပါ။

 

အသားအရောင်ပြောင်းရင် ကြံမဆိုင်နဲ့ ပဲငံပြာရည်အကျဲထည့်ပြီး ထပ်ကာလုံးချက်ချက်ပါ။

 

ပြီးနောက် ကြံမဆိုင်နဲ့ ဝက်သားပေါင်းစပ်သွားတဲ့အနံ့ ရလာပြီဆိုရင် ရေနွေးထည့်ကာ အဖုံးအုပ်ချက်ပါ။

 

ရေပွက်ပွက်ဆူရင် ဆား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ဝက်သားနူးတဲ့အထိချက်ပါ။

 

အသားအိချိန်မှာ ဟင်းအရည်ကို ကျန်အောင် ချက်ပေးပါ။ ကြံမဆိုင်ရဲ့ အချဉ်အရသာပေါ်မူတည်ပြီး ဟင်းအရသာ ပြောင်းလဲနိုင်တာမို့ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာထိန်းညှိနိုင်ပါတယ်။

 

ကြံမဆိုင်ရဲ့ အနံ့အရသာနဲ့ အသားများတဲ့ ဝက်သားသုံးထပ်သားတို့ရဲ့ နူးညံ့မှုတို့ကို ပေါင်းစပ်ပြီး အရည်လေးနဲ့ ချက်ထားတာမို့  ထမင်းမြိန်စေမှာ ဖြစ်ပါတယ်။

 

Read times Last modified on Thursday, 06 June 2019 10:38
Rate this item
(1 Vote)