Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက်တွင် ကြက်ဥဈေးနှုန်းများ တည်ငြိမ်ကာ ကြက်သားဈေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိ

မန္တလေးဈေးကွက်တွင် ကြက်ဥဈေးနှုန်းများ တည်ငြိမ်ကာ ကြက်သားဈေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိ mdn.gov

မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သားဈေးကွက်အခြေအနေမှာ လက်ရှိကာလ၌ ကြက်ဥဈေးနှုန်းများ တည်ငြိမ်ကာ ကြက်သားဈေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာနေသူရိန်က ပြောကြားသည်။

 

လက်ရှိအချိန်တွင် ကြက်ဥဈေးနှုန်းမှာ လွန်ခဲ့သည့် နှစ်ပတ်ကျော်ကာလကတည်းက ခြံကောက်ဈေးအနေဖြင့် တစ်ပိဿာလျှင် လက်ကားဈေး ၂၇၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်း တည်ငြိမ်စွာ ဖြန့်ချိပေးလျက်ရှိပြီ ပြီးခဲ့သည့် တစ်ပတ်အတွင်းက တစ်ပိဿာလျှင် ခြံဖမ်းဈေး ၃၃၀၀ ကျပ်နှုန်းရှိခဲ့သော ကြက်သားဈေးနှုန်းမှာလည်း ယခုရက်ပိုင်းအတွင်း၌ တစ်ပိဿာလျှင် ၂၉၀၀ ကျပ်နှုန်းအထိ ပြန်လည် ကျဆင်းလျက်ရှိလာကြောင်း သိရသည်။

 

''ကြက်ဥဈေးက ကျွန်တော်တို့ အထက်မြန်မာနိုင်ငံအတွက် ပြင်ဦးလွင် ခြံတွေက ခြံကောက်ဈေးကို အခြေခံပြီး လက်ရှိမှာ အလုံးအကြီးအသေး ပြောစရာမလိုဘဲ ၂၇ လုံးပါတဲ့ တစ်ပိဿာကို ၂၇၀၀ ကျပ်ဈေးနှုန်းနဲ့ ဖြန့်ချိပေးနေပါတယ်။ တစ်လုံးကို ၁၀၀ ကျပ်နှုန်းပေါ့။ ဒီဈေးနှုန်းနဲ့ ယနေ့အချိန်အထိ မပြောင်းလဲဘဲ ရောင်းချပေးနေတာ နှစ်ပတ်ကျော်ပါပြီ။ ကျွန်တော်တို့ မန္တလေးတိုင်းအတွင်းမှာ ကြက်ဥစားသုံးဖို့ အလုံအလောက်ရှိပါတယ်။

 

ဈေးနှုန်းအနေနဲ့ အများကြီး ပြောင်းလဲမှုမရှိနိုင်သလို ဈေးကွက် ပြတ်လတ်မှုလည်း မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြက်မတွေရဲ့မွေးနှုန်းက တစ်နှစ်ခွဲအထိ ရှိတဲ့အတွက် ကြက်ဥထုတ်လုပ်မှုက အများကြီး ပြောင်းလဲမှုမရှိနိုင်ဘူး။ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြောင်းလဲမှုရှိနိုင်ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါဂယက်ကြောင့် လက်ရှိမှာ ကြက်ဥတစ်လုံးကို ၅၀၀ ကျပ်ဈေးအထိ ဖြစ်နေတယ်လို့ တချို့မီဒီယာတွေမှာ တွေ့ရတဲ့အတွက် ခြံကောက်ဈေးက တစ်လုံးကို ၁၀၀ ကျပ်ပဲ ရှိတာဆိုတော့ ၅၀၀ ကျပ်အထိ ဖြစ်နေတာကို ကြားရတာ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒါကြောင့် လိုအပ်လာလျှင် ကျွန်တော်တို့ မန္တလေးတိုင်းအနေနဲ့ ကူညီပေးဖို့ စဉ်းစားနေကြပါတယ်'' ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ကြက်သားဈေးနှုန်းမှာလည်း လက်ရှိကိုဗစ်ရောဂါအခြေအနေကြောင့် စားသောက်ဆိုင်များ ပိတ်မည်ကို စိုးရိမ်ကာ တိုးမြှင့်ထုတ်လုပ်ရောင်းချကြသည့်အတွက် ယခုရက်ပိုင်းတွင် ဈေးကွက်အတွင်း၌ တစ်ပိဿာလျှင် ၄၀၀ ကျပ်နှုန်းခန့် ဈေးများ ကျဆင်းလာနေပြီး ကိုဗစ်ရောဂါကြောင့် စားသောက်ဆိုင်များ ပိတ်သိမ်းလာပါက ဈေးနှုန်းများ ထပ်မံကျဆင်းလာနိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ လက်ရှိကာလတွင် ပြင်ဦးလွင် ခြံကောက်ဈေးအဖြစ် ကြက်ဥတစ်ပိဿာလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ လက်ကားဒိုင်များမှ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖြန့်ချိရောင်းချပေးလျက်ရှိပြီး ဈေးများတွင် လက်လီနှုန်းထားအဖြစ် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀ ကျပ်မှ ၁၂၅ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

By Myanmar Food Guide

 

mdn.gov

Read times
Rate this item
(0 votes)