Myanmar
ရွှေတောင်ခေါက်ဆွဲ
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း
ကိုယ်တိုင် လုပ်စားနိုင်အောင် ရွှေတောင်ခေါက်ဆွဲ ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲမုန့်ကြွပ်၊ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး၊ အုန်းသီး၊ ပဲအကျက်မှုန့်၊ ငရုတ်သီးအကြမ်းမှုန့်ကြော်၊ ကြက်သား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်စားသုံးဖို့အတွက် ဂျုံခေါက်ဆွဲမုန့်ကြွပ်ကြော်ပါမယ်။
ဒယ်အိုးထဲ ဆီထည့် ဆီပူလာရင်တော့ ဂျုံခေါက်ဆွဲဖတ်ကို အညိုရောင်သန်းသည်အထိ ကြော်ပေးထားပါ။
ပြီးရင်တော့ ပန်းကန်ပြားထဲ ပြန်ဆယ်ထားပါ။
အုန်းဆီအနှစ်အတွက် ချက်ရန် အုန်းသီးညှစ်ရည်များကို ဒယ်အိုးထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည်အထိ တည်ထားပေးပါ။
ဆီပြန်လျှင်တော့ မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်နိုင်ပါတယ်။
ကြက်သားဟင်းချက်ရန်အတွက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသပ်ပေးထားပါ။
ပြီးလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီး မိနစ်အနည်းငယ်ခန့် ရောမွှေပေးပါ။
ပြီးနောက် ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့် ရေထည့်၍ မိနစ်အနည်းငယ်ခန့်တည်ထားပေးပါ။
အရသာကို မြည်းကြည့်ပါ။ ကြက်သားဟင်းကျက်ရင်တော့ မီးပိတ်ထားနိုင်ပါတယ်။
ရွှေတောင်ခေါက်ဆွဲ အတွက် ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်အကျက်မှုန့်၊ သံပရာသီး၊ ငရုတ်သီးအကျက်မှုန့်၊ မုန့်ကြွပ်တို့ကို ထည့်ပြီး ပြင်ပေးထားပါ။
အပေါ်မှ ကြက်သားဟင်းရည်ကို လောင်းချလိုက်ပါ။ ပြီးလျှင်တော့ အရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။