Myanmar
ဝက်သားတုတ်ထိုးလုပ်နည်း
ဝက်သားတုတ်ထိုးကို ဆိုင်မှာဝယ်မစားပဲ ပိတ်ရက် မိသားစုဆုံတုန်းလေး အိမ်မှာ လွယ်လင့်တကူပြုလုပ်နိုင်ပြီး အောက်တွင် ပြုလုပ်နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်သုံးထပ်သား၊ ၀က်အချင်းတိုင်၊ အူချို၊ အူမကြီး၊ နို့အုံသား၊ အူပိတ်၊ နားရွက်၊ လျှာ၊ နှလုံး၊ အသဲ၊ ဘဲဥ၊ ဆား၊ သံပရာ၊ မန်ကျည်းသီး၊ ကြက်သွန်ဖြူ၊ ချင်း၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ အသားမဆလာ၊ ပဲငံပြာ၇ည်အနောက် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ၀က်သားများကို ရေစင်အောင်ဆေးပါမယ်။ ဝက်ကလီစာများကို ရေစင်စင်ဆေးကြောထားပါ။ အူချို၊ အချင်းတိုင်၊ နလုံး၊ လျှာ၊ နို့အုံသား၊ နားရွက်၊ အသဲ၊ သုံးထပ်သား တို့ကို မန်ကျည်းသီး၊ ဆား နှင့်ဆေးကြော်ထားပါ။ အရမ်းပွတ်မဆေးပဲ အညစ်အကြေးစင်ရုံဆေးထားပါ။
အူမကြီးကိုရေဆေးပါ။ ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။ အချွဲ များကုန်အောင်မွှေပါ။ ပြီးမှ ဆား၊ သံပရာသီး၊ မကျည်းသီးနှင့် ဆေးပါ။ အူပိတ်ကို ပြောင်းပြန်လှန် ဆား၊ မန်ကျည်းသီးနှင့်ပွတ်ဆေးပါ။ အချွဲများကုန်လျှင် သံပရာသီးနှင့် ထပ်ဆေးပေးပါ။ ပြောင်သွားလျှင် အတည့်ပြန်လှန်ပြီး ထပ်ဆေးထားပါ။
အားလုံးပြီးမှ တစ်ချောင်းသို့ ထပ်ထပ်ပြီးသွတ်ပါ။ တူသုံးလို့ရပါတယ်။ အားလုံးပြီးရင် ကြက်သွန်ဖြူ၊ ချင်း အရည်ညှစ်ချပါ။ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ အသားမဆလာ၊ ပဲငံပြာရည်အနောက်တို့နှင့် လေးနာရီခန့် ရေခဲ သေတ္တာထဲသို့ထည့်၍ နှပ်ထားပေးပါ။
ချက်ကာနီးလျှင် နာရီဝက်ခန့်ကြိုထုတ်ထားပါ။ ဆီပူပူမှာ သကြားထည့်ပါ။ ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။ ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။
ပြီးလျှင် ပေါင်းအိုးထဲသို့ပြောင်းထည့်ပါ။ ရေနို့ဆီဘူး တစ်လုံးခွဲခန့်ထည့်ပါ။ ပြီးရင် နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။ မိနစ် နှစ်ဆယ်ခန့်ကြာလျှင် နူးလွယ်သောအသားများထုတ်ကာ ကျန်သော အသား များနူးသည်အထိ ဆက်တည်ပေးပါ။
အားလုံးရလျှင်ဆယ်ပြီး ကျန်သောရေဖြင့် အသဲထည့်ပြုတ်ပြီး ဆယ်ထားပါ။ ပြီးလျှင် ဘဲဥပြုတ်ထည့်ပါ။ အားလုံးပြီးရင်တော့ ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးနည်းနည်းဖြင့်တင်ထားပါ။ ကြိုက်ရာကိုလှီးပြီးသုံးဆောင်နိုင်ပါတယ်။
အချဉ်ရည်အတွက် မန်ကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင် ဇကာနှင့်အနှစ်တိုက်ချပါ။ ထန်းလျက်ကိုရေအနည်းငယ်နဲ့ကြိုပြီး သဲစစ်ထားပါ။ ပြီးလျှင် ကက်သွန်ဖြူ၊ ငရုတ်သီးထောင်းပါ။ ငရုတ်ဆီထည့်ပါ။ ပဲငံပြာရည်အကြည်၊ ချင်းအရည်ထည့်ပါ။ ငံပြာရည်၊ ကြက်သားမှုန့် ထည့်ပါ။ ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။ ပြီးရင်တော့ ၀က်သားနဲ့ အချဉ်ရည်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။