Myanmar
ထားဝယ်ဒေသအစားအစာတစ်မျိုးဖြစ်တဲ့ ရေခူသုပ်
တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်စရာမလို၊ တိုင်းရင်းသားရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့
ထားဝယ် ရေခူသုပ်နည်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ရေခူ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ မြေပဲ၊ ငရုတ်သီးစိမ်း၊ ဆီ၊ သံပရာရည်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ရေခူကိုတစ်နာရီလောက်ရိုးရိုးရေနဲ့စိမ်ထားပြီးရင် အငန်ဓာတ်တွေ ထွက်သွားအောင်ပွတ်ဆေးလိုက်ပါ။ ရေကြည်သွားပြီဆိုရင် ဒယ်အိုးထဲ ရေခူထည့်ပြီးတော့ အပူပေးလိုက်ပါ။
ရေခူ ခပ်မာမာလေးဖြစ်သွားပြီဆိုရင် မီးဖိုပေါ်မှချလိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်တင်မှုန့်တို့ကို ရောပြီး ဆီသတ်ပေးပါ။
ပြီးနောက် ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ မြေပဲ၊ ငရုပ်သီးစိမ်းလေးတွေကို အသင့်လှီးထားလိုက်ပြီး စောနကလှော်ထားတဲ့ရေခူလေးကို လိုချင်တဲ့ အရွယ်လေးတွေ လှီးဖြတ်ပြီးရင်တော့ ဆီချက်လေးထည့် သံပရာရည်လေးထည့်လိုက်ပါ။
ရေခူကအငန်ဓာတ်ရှိတဲ့အတွက် ဆားကို လျှော့ထည့်ပါ။ အရသာမြည်းပြီးရင်တော့ အပေါ်ယံမှ ရှောက်ရွက်ပါးပါးလေးလှီးဖြတ်ထားတာလေးကို ထည့်ပြီးရင်တော့ အရသာရှိတဲ့ ရေခူသုပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။