Myanmar
ပြည် ကြက်သားပလာတာချက်နည်း
အိမ်တွင် အလှူလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ မိသားစုဆုံတုန်းလေး ပိတ်ရက်မှာ လုပ်စားချင်လို့ပဲဖြစ်ဖြစ်
ကိုယ်တိုင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ပြည် ကြက်သားပလာတာပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပလာတာ၊ ကြက်သား၊ အာလူး၊ ကုလားပဲ၊ ငရုတ်ပွခြောက်၊ ကြက်သွန်နီ၊ ချင်း၊
ကရဝေးရွက်၊ ပဲနံ့သာစေ့၊ မဆလာ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ပူစီနံ တို့ လိုအပ်ပါမယ်။
ပထမဆုံး ကုလားပဲများကို ညကတည်းက ရေစိမ်ပြီးနူးအောင်ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ကြိတ်စက်ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီးတစ်လုံးထဲသို့ပြောင်းထည့်ထားပါ။
ပြီးလျှင် ကြက်သားများကို အရွယ်တော်အတုံးများတုံး၍ ရေဆေးပြီး ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆား မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင်ထည့်ထားပါ။
ပြီးနောက် ငရုတ်ပွခြောက်ကို ရေစိမ်၍အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့်ရောကာ ညက်အောင်ထောင်းထားပါ။
ပြီးရင် အာလူးများကိုအခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ပြီးနောက် ဟင်းခတ်မှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင် မိနစ်အနည်းငယ်ခန့်ကြော်ပြီး ဆယ်ထားပါ။
ပြီးနောက် ယင်းဆီထဲသို့ ကရဝေးရွက်နှင့်ပဲနံ့သာစေ့တို့ကို ထည့်မွှေပြီး အနံ့မွှေးလာလျှင် ထောင်းထားသော အနှစ်များကိုထည့်၍ ဆီသတ်ထားပါ။
အနှစ်များမွှေး၍ကြွပ်လာလျှင် ကြက်သားများထည့်လုံးပါ။ အသားများကျစ်လာလျှင် အာလူးထည့်မွှေပြီး ရေနွေးကိုနည်းနည်းချင်းစီထည့်၍ ချက်ပေးပါ။
ကြက်သားနှင့် အာလူးများနူးလာလျှင် ကုလားပဲအနှစ်အိုးထဲသို့ ထည့်မွှေပေးပါ။
ပြီးနောက်ရေနွေးကို မပျစ်မကျဲရော၍ အရသာမြည်းကာ စိတ်ကြိုက်ဖြစ်လျှင်မီးပိတ်လိုက်ပါ။
စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများ မွှထည့်ပြီး အပေါ်မှကြက်သားအာလူးပဲရည်ဆမ်း ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံနှင့် သံပရာရည်ထည့်ကာ ရောမွှေပြီးရင်တော့ အရသာရှိတဲ့ ပြည် ကြက်သားပလာတာကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။