Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံ သစ်သီးတင်ပို့မှု ယခုနှစ် ပထမ ခုနစ်လတွင် ဘတ် ၁၃၁ ဘီလျံ ရရှိခဲ့

၂၀၂၁ ပထမ ခုနှစ်လတွင် ထိုင်းနိုင်ငံ သစ်သီးဝလံတင်ပို့မှု မြင့်တက်လာခဲ့သဖြင့် ကုန်သွယ်ရေး ဝန်ကြီး Jurin Laksanawisit က ယခုနှစ်တွင် သစ်သီးဝလံ ဘတ် ၁၈၀ ဘီလျံဖိုး တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ သစ်သီးတင်ပို့မှုသည် အလားအလာကောင်းနေဆဲ ဖြစ်သဖြင့် ဝန်ကြီး ပြည်နယ်စီးပွားရေးဌာန တာဝန်ခံများနှင့် ပြည်ပိုင်ငံများရှိ ထိုင်းနိုင်ငံ စီးပွားရေး သံတမန်များအကြား ပူးပေါင်းလုပ်ကိုင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ထုတ်လုပ်ရေးကဏ္ဍသည်လည်း ဈေးကွက်မှ တောင်းဆိုနေသည့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ချီလီနိုင်ငံကဲ့သို့သော သရက်သီးနှင့် ကနစိုသီး ရောင်းအားရှိနေသည့် ဈေးကွက်အသစ်များကို မဖြစ်မနေ ရှာကြရမည်ဟုလည်း ၎င်းက ပြောကြားသည်။

Mr Jurin က “ ၂၀၂၁ က ထိုင်းသစ်သီး ကုန်သွယ်ရေးအတွက် ရွှေနှစ်တစ်နှစ် ဖြစ်လိမ့်မယ်။ တိုင်းပြည်ရဲ့ သစ်သီးတင်ပို့မှု ဆက်လက် ချဲ့ထွင်နေတယ်” ဟု မှတ်ချက် ပြုသည်။

ဝန်ကြီးဌာနမှ အချက်အလက်များအရ ထိုင်း အေးခဲနှင့် ပြုပြင်စီမံပေးထားသော သစ်သီးများ တင်ပို့မှုသည် ယခုနှစ် ပထမ ခုနစ်လတွင် ဘတ် ၁၃၁ ဘီလျံ ရရှိခဲ့သည်။

တင်ပို့မှုတွင် သန်မာသော ကြီးထွားမှုကို ဖြစ်ပေါ်စေခဲ့သည်မှာ Mr Jurin က ချမှတ်ထားသော မူဝါဒတွင် ပါဝင်သည့် အပိုင်းတစ်ခုဖြစ်သော စီးပွားရေးသံတမန်များကို ပြည်ပနိုင်ငံများတွင် တာဝန်ချထားပြီး အရောင်းသမားအဖြစ် လုပ်ကိုင်စေခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။
ထို့ပြင် ပြည်ပမှ တင်သွင်းသူများနှင့် အွန်လိုင်းစီးပွားရေး ဘက်တွဲခြင်း online business matching ပွဲများ ကျင်းပပေးခဲ့ခြင်းကလည်း ရောင်းအား တိုးစေခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း ပလက်ဖောင်းများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ BigBasket တွင်လည်းကောင်း။ တရုတ်နိုင်ငံမှ Tmall တွင်လည်းကောင်း အရောင်းမြှင့်တင်ရေးများကိုလည်း ဆောင်ရွက်ခဲ့သည်။ ပြည်ပနိုင်ငံများမှ အခရကျသည့် ဈေးများ၊ ကုန်တိုက်များတွင် အရောင်းမြှင့်တင်ရေး လုပ်ကိုင်ခဲ့သည်။

"The Thai Fruits Golden Months စီမံကိန်းရဲ့ အရောင်းမြှင့်တင်ရေး အောင်မြင်ခဲ့တယ်။ ပြီးခဲ့တဲ့ ခုနစ်လအတွင်းမှာစီမံကိန်းကို နေရာရှစ်ခုမှာ အကောင်အထည်ဖော်ခဲ့တယ်”ဟု ဝန်ကြီးက ပြောသည်။
ထိုရှစ်နေရာတို့မှာ တရုတ်နိုင်ငံ နန်နင်း၊ ဟိုင်နန်၊ ချောင်ကျင်း၊ ရှင်ဒေါင်း၊ ရှန်ဟိုင်း၊ ချန်ဒူ၊ ဒါလျှံ၊ ဖိုရှန်တို့ ဖြစ်သည်။ အရောင်းတန်ဖိုးပမာဏ ဘတ် ၁၅ ဘီလျံဖိုး ရရှိခဲ့သည်။

ကျန်ရှိသည့်လများတွင် နောက်ထပ် နေရာ ငါးခုတို့တွင် စီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး ဘတ် ၅ ဘီလျံဖိုး ရောင်းရလိမ့်မည်ဟု မျှော်မှန်းထားသည်။

ဝယ်ယူမှုစာချွန်လွှာ memorandum of purchase (MoP) လက်မှတ်ရေးထိုးပွဲကိုလည်း ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ တင်ပို့သူများနှင့် တင်သွင်းသည့် နိုင်ငံများမှ တင်သွင်းသူများ တက်ရောက်ခဲ့ကြသည်။ အိန္ဒိယ၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင် စပိန်နိုင်ငံများမှ တင်သွင်းသူများ တက်ရောက်ခဲ့ကြသည်။ လက်မှတ်ရေးထိုးခဲ့ကြသည့် အရောင်းပမာဏ စုစုပေါင်းမှာ ဘတ် ၂.၃၉ ဘီလျံဖိုး ဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသည် online business matching ပွဲ နှစ်ပွဲ၏ ရလဒ် ဖြစ်သည်။

 

bangkokpost.com

Read times
Rate this item
(0 votes)