Thiland



ဆေးခြောက် စိုက်မိသည့် ထိုင်းလယ်သမားများ နောင်တရ

ဆေးခြောက် စိုက်မိသည့် ထိုင်းလယ်သမားများ နောင်တရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင် ဆေးခြောက်စိုက်ပျိုးသူများသည် ယခုအထိ အမြတ်မရကြသေးကြောင်း နခွန်ဖနွံ Nakhon Phanom ရှိ Marijuana Community Enterprise Network မှ ဦးဆောင်သူ Dr  Banchob Promsa က ပြောကြားပါသည်။

.

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုရန် တရားဝင်ခွင့်ပြုလိုက်သောအခါ လယ်သမား Tukta Sinnin အပါအဝင် လူထောင်ပေါင်းများစွာတို့သည် ဆေးခြောက်စိုက်ပျိုးရေးကို အလျင်စလို လုပ်ဆောင်ခဲ့ကြသည်။

 .

အသက် ၄၃ နှစ် ရှိသူ Tukta Sinnin သည် ဆေးခြောက် အပင် ၄၀၀ ကျော်ကို အရှေ့မြောက်ပိုင်း မဲခေါင်မြစ်အနီးရှိ ပြည်နယ်တစ်ခုဖြစ်သော နခွန်ဖနွံ ရှိ သူမ ပိုင်ဆိုင်သည့် မြေမှာ ဘတ် ၅ သိန်းနီးပါး ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးခဲ့သည်။

တစ်နှစ်နီးပါး ကြာခဲ့ပြီ ဖြစ်သော်လည်း Mrs Tukta သည် စိုက်ခင်းထံမှ အမြတ်ရရန်ဝေးစွ၊ သူမ စိုက်ထားသည့် ဆေးခြောက်ကို လုံးဝ ရောင်းမရ ဖြစ်နေသည်။

.

“ကျွန်မ အရမ်း စိတ်ပျက်မိပါတယ်။  ကျွန်မတို့ ငွေတွေ ဆုံးရှုံးသွားတယ်။  ကျွန်မတို့ဆီက ဆေးခြောက်ကို ဝယ်မယ့်သူ မရှိဘူး။ ငွေရတဲ့ အပင် မဟုတ်ဘူး" ဟု Mrs Tukta က ပြောကြားသည်။

.

ပြည်တွင်း ဆေးဘက်ဆိုင်ရာ ဆေးခြောက်ဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် ဘတ် ၄၃ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ဆေးခြောက်အပင်ကို မူးယစ်ဆေးဝါး အပင်စာရင်းမှ ပယ်ဖျက်ပေးထားသည်။ နိုင်ငံဝင်ငွေ တိုးစေမည့် စီးပွားရေးအဖြစ်သာမက အသေးစားနှင့် အလတ်စား လုပ်ငန်းများနှင့် လယ်သမားများ အပိုဝင်ငွေရဖို့ အထောက်အကူ ဖြစ်စေရန်လည်း ရည်မှန်းထားသည်။ 

ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က နခွန်ဖန်နွန်ကို ဆေးခြောက်မြို့တော်  “Cannabis City” အဖြစ်သို့ ရောက်စေပြီး စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။ 

.

ဆေးခြောက်သည် ဝင်ငွေကောင်းမည်ဟု မှတ်ယူကာ Mrs Tukta အပါအဝင် လယ်သမားများသည် စပါးနှင့် ရာဘာခြံများကို ဆေးခြောက်စိုက်ခင်းများ အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။  အချို့က ဖန်လုံအိမ်ကိုပင်လျှင် တည်ဆောက်ပြီး စိုက်ပျိုးခဲ့ကြသည်ဟု  Dr Banchob Promsa က ပြောကြားသည်။ 

.

"ဆေးခြောက်တွေ ဆွတ်ခူးလို့ ရချိန်မှာ ကျွန်တော်တို့ ရောင်းလို့ မရတဲ့အဖြစ်ကို ကြုံရပါတယ်" ဟု သူက ပြောသည်။

.

Dr Banchob ကလည်း ဆေးခြောက် စိုက်ပျိုးထားသည်။ 

လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ ဆေးခြောက်စိုက်ရန် ခွင့်ပြုချက် ရယူခဲ့သည်။ 

သူနှင့် အတူ စိုက်ပျိုးခဲ့ကြသည့် လယ်သမား ဦးရေ ၂၀၀ ဝန်းကျင်ရှိသည်။  သူတို့သည် ၂၀၂၂  ခုနှစ်တွင် အရည်အသွေးပေါ်မူတည်၍ ဆေးခြောက် တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၅,၀၀၀ မှ ၃၀,၀၀၀ အထိ ရရှိမည်ဟု ကတိပြုထားသည့် ပြင်ပစီးပွားရေးလုပ်ငန်းတစ်ခုနှင့်  အရောင်းအဝယ် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ၎င်းလုပ်ငန်းသည် ဆေးခြောက် ဝယ်မည့်သူများ တစ်ဦးမှ မရရှိခဲ့ချေ။ ၎င်းကတိပြုထားသည့် ဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးထက် မြင့်နေသည်။ ဆေးခြောက်လက်ကားဈေးနှုန်း ထိုးကျခဲ့သည်။ 

.

၂၀၁၁ ခုနှစ် ဇွန်လ မတိုင်မီ တရားဝင် ခွင့်မပြုခင်က ဆေးခြောက်အဖူး တစ်ကီလိုလျှင် ဘတ် ၅,၀၀၀ မှ ၇,၅၀၀ ဘတ်အထိ ရရှိခဲ့သည်။

တရားဝင် ခွင့်ပြုပြီးသည့်နောက်တွင် ဆေးခြောက်စိုက်ပျိုးရေးကဏ္ဍတွင် ဆေးခြောက် စိုက်သူ ဦးရေ ၁.၃၈ သန်းကျော် ရှိလာခဲ့သည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုက ဝယ်လိုအားထက် များစွာ ပိုလျှံနေစေသည်။ ဈေးထိုးကျကုန်သည်။ ယခုအခါ ဈေးကွက်ပေါက်ဈေးသည် လက်ကားဈေး ဆေးခြောက် တစ်ကီလို ဘတ် ၅၀၀ မှ ၂၀၀၀ အထိသာ ရှိတော့သည်။ 

.

“ကျွန်တော်တို့ အမြတ်မရနိုင်ဘူး။ အရင်းလည်း မကြေဘူး။  ဒါကြောင့် ဈေးနှုန်းတွေ ပြန်ကောင်းလာတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု Dr Banchob က ပြောသည်။

ဆေးခြောက်ပင်များကို လေလုံအိတ်များထဲထည့်ပြီး လေစုပ်ထုတ်၊ အိတ်ကို အလုံပိတ်၍ သူ သိမ်းဆည်းထားသည်မှာ ယခုအခါ ၃၆ ကီလိုဂရမ် ရှိနေပြီ ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သိမ်းဆည်းထားပါက ၆ လ ခံသည်ဟု Dr Banchob က ပြောသည်။

.

ထိုင်းနိုင်ငံ ဆေးခြောက်လုပ်ငန်း၏ အလားအလာသည် လယ်သမားများအတွက်သာ  မှေးမှိန်သွားခြင်း မဟုတ်ပါ။

 

ဘန်ကောက်မြို့တွင် ဧည့်ခရီးသွားများ အလာများသည့် Khaosan Road တွင် ဆေးခြောက် စတိုးဆိုင် RG 420 Cannabis Store ကို ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ရောင်းအား ၈၀ ရာခိုင်နှုန်း ကျဆင်းသွားပြီဟု စတိုးဆိုင်ပိုင်ရှင် Ong-ard Panyachatiraksa က ပြောကြားသည်။ 

"လမ်းတလျှောက် ဆေးခြောက်ဆိုင်တွေ အများကြီးရှိလို့ ဝယ်လိုအားက များနေပုံရတယ်လို့ ထင်စရာ ဖြစ်နေပေမယ့် မဟုတ်ပါဘူး" ဟု သူက ပြောသည်။ 

.

ဆေးခြောက်  စည်းမျဉ်းများကို ဖြေလျှော့ပြီးနောက်တွင် ထောင်နှင့်ချီသော ဆေးခြောက် အရောင်းဆိုင်များအပြင် ဆေးခြောက်နှင့်ဆက်စပ်သောစီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များသည်ပေါ်ထွက်လာခဲ့သည်။

ဆေးခြောက်စတိုးဆိုင်များ အပြင်ဘက်တွင် ဝယ်ဖို့ တန်းစီကြရသည်အထိ ဖြစ်ခဲ့သည်။ 

.

အာဏာပိုင်တို့က ဆေးဘက်ဆိုင်ရာ သုံးစွဲခြင်းကို တိတိကျကျ သတ်မှတ်ပေးခြင်း မရှိသဖြင့် ဆေးခြာက်ဆိုင်များကို ခွင့်ပြုသည့်နေရာများ ရှိနေစဉ် ဖမ်းဆီးအရေးယူသည့် နေရာများလည်း ရှိနေသည်။ မရှင်းမလင်း ဖြစ်နေသဖြင့် ကောင်းရောင်းကောင်းဝယ် လုပ်ဖို့ ခက်နေစေသည်။  အထူးသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများသည် ဆေးခြောက်ကို ရဲရဲတင်းတင်း လုပ်ကိုင်ဖို့ လက်တွန့်နေကြသည်။

ဝယ်ယူသုံးစွဲမည့် ဧည့်ခရီးသွားများ အနေဖြင့် မိခင်နိုင်ငံက ခွင့်မပြုသဖြင့် ထိုင်းမှာ ဆေးခြောက် သုံးစွဲခြင်းကို အရေးယူခံရဖွယ် ရှိနေသည့်အပြင် ထိုင်းနိုင်ငံတွင်လည်း အရေးယူခံရနိုင်သည်။ 

.

ထိုင်းနိုင်ငံရှိ Charoen Pokphand Group နှင့် အခြားနိုင်ငံတကာကုမ္ပဏီများကဲ့သို့သော ကော်ပိုရေးရှင်းကြီးများ သည် ဆေးခြောက်စားသုံးကုန်များ၊ စိုက်ပျိုးရေးနှင့် ဆေးဝါးများ တွင် ရင်းနှီးမြှုပ်နှံကြသော်လည်း ပြဋ္ဌာန်းချက် မရှင်းမလင်း မပြတ်မသား ဖြစ်နေသဖြင့် ကြီးထွားဖို့ ခက်နေစေသည်၊။ 

.

ပြည်ပပို့ကုန်အဖြစ် တင်ပို့ဖို့မှာလည်း ပြည်ပှ ဝယ်လိုအား နည်းပါးသည်။ နိုင်ငံအများစုတွင် တရားမဝင် မူးယစ်ဆေးအဖြစ် သတ်မှတ်ထားကြသည်။ 

ပြည်တွင်းဈေးကွက်တွင်လည်း စိုက်ပျိုးသူ အလွန်များပြားနေပြီး ဝယ်လိုအားမှာ နည်းလွန်းနေသသည်။ 

.

နခွန်ဖန်နွန်မှ ဆေးခြောက်ခင်း စိုက်ပျိုးထားသူ Panadda Bupasiri  က လာမည့် စက်တင်ဘာလတွင် ဆေးခြောက် အပင်ပေါက်များ စိုက်ပျိုးရသည့်ရာသီမှာ ဆေးခြောက် ထပ်မစိုက်တော့ရန် ဆုံးဖြတ်ထားသည်။ 

"ကျွန်မတို့ အရင်ကအတိုင်း ဖရဲတွေ ပြန်စိုက်ကြမယ်" ဟု ပြောကြားသည်။ 

 

Source The Star

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 16 May 2023 12:32
Rate this item
(0 votes)