Thiland
အိန္ဒိယ ဆန်ပို့ကုန် ပိတ်ပင်မှု ထိုင်း အကျိုးအမြတ်ရယူ
အိန္ဒိယ ဆန်ပို့ကုန် ပိတ်ပင်မှု ထိုင်း အကျိုးအမြတ်ရယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းနိုင်ငံသည် အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်မှုမှ အကျိုးအမြတ်ရရှိနေပြီး ပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုအတွက် အလုံအလောက် ထွက်ရှိသောကြောင့် ဆန်တင်ပို့မှုကို ရပ်တန့်ရန် အကြောင်းမရှိဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က တနင်္လာနေ့(ဩဂုတ်၇)တွင် ပြောကြားသည်။
အိန္ဒိယမှ တားမြစ်ချက်သည် ထိုင်းဆန်ထုတ်လုပ်သူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ဝန်ကြီး Jurin Laksanawisit က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အထူးသဖြင့် အိန္ဒိယမှ ဆန်အမြောက်အမြားစားသုံးသည့် အာဖရိကတိုက်ရှိနိုင်ငံများသို့ ထိုင်းဆန် ရောင်းချရန် အခွင့်အလမ်း ရှိမည် ဖြစ်သည်။
"အိန္ဒိယရဲ့ ဆန်ပို့ကုန်ပိတ်ပင်မှုလို့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ပမာဏ လျော့နည်းလာတာနဲ့အမျှ ကမ္ဘာ့ဆန်ဈေးတွေ တက်လာတယ်။ လယ်သမားတွေက စပါးကို စျေးပိုမြင့်ပြီး ရောင်းနိုင်ေစတယ်"ဟု ၎င်းက ပြောကြားသည်။
သို့သော် ကမ္ဘာ့ဈေးနှုန်းများ မတည်ငြိမ်သဖြင့် အစိုးရက အခြေအနေကို အနီးကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်မက်ထရစ်တန် ၈ သန်းကျော် တင်ပို့နိုင်ဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Charoen Laothamatas က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခုနှစ် ပထမခုနစ်လအတွင်း ထိုင်းနိုင်ငံသည် မက်ထရစ်တန်ချိန် ၄ ဒသမ ၈ သန်း တင်ပို့ခဲ့သည်။ လစဉ် တန်ချိန် ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ တင်ပို့ခဲ့သည်။ ယမန်နှစ်က တန်ချိန် ၇.၇၁ သန်း တင်ပို့ခဲ့သည်။
“ကမ္ဘာ့ဆန်ဈေးကွက်က အရမ်းလှုပ်နေတယ်။စျေးကွက်တိုင်းမှာ စျေးကစားတာ ရှိနေလို့ လှုပ်နေတာ ဖြစ်ပါတယ်။ လက်ထဲ ဆန်လက်ကျန် မရှိတဲ့ နိုင်ငံများအပေါ် သက်ရောက်မှု ရှိနေပါတယ်" ဟု ၎င်းက ပြောကြားသည်။
အိန္ဒိယက ပိတ်ပင်လိုက်ပြီးနောက် ထိုင်းဆန်ဈေးသည် ၂၀ ရာခိုင်နှုန်း တက်လာနိုင်သည်ဟု Charoen က ပြောကြားသည်။
အခြေအနေ အနည်ထိုင်အောင် စောင့်ဆိုင်းနေရချိန်တွင် ပို့ကုန်လုပ်ငန်းရှင်များသည် ဈေးခေါ်ရန် တွန့်ဆုတ်နေခဲ့သည်။ တင်ပို့မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းသွားဖွယ်ရှိသည်ဟု ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။
"အစိုးရက ပြည်တွင်းဆန်ဈေးတွေ အရမ်းမတက်တာ သေချာစေမယ်"ဟု ဝန်ကြီး Jurin က ပြောကြားသည်။
"ဆန်တင်ပို့မှု ပုံမှန် ဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှု မထိခိုက်သေးပေမဲ့ စပါးဈေးက မြင့်လာနေတော့ ဆန်ဈေးကို သင့်လျော်တဲ့ရေချိန်မှာ ရှိနေအောင် ထိန်းထားရမယ်" ဟု Jurin က ပြောသည်။
စပါးဈေးသည် မက်ထရစ်တစ်တန်လျှင် ဘတ် ၁၂၀၀၀ (ဒေါ်လာ ၃၄၄.၄၃) ပေါက်ဈေး ရှိသည်ဟု ၎င်းက ပြောကြားသည်။
Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL