Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ

စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ MOI

စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


စာတမ်းဖတ်ပွဲသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ စာတမ်းရှင်များ၊ လူငယ်စိုက်ပျိုးရေး ပညာရှင်များ၊ ဒေသအသီးသီးမှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဗီဒီယိုconferenceစနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

 

စာတမ်းဖတ်ပွဲတွင် ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် သုံးခုလုံး ဘက်ညီညီ ဆောင်ရွက်နိုင်ရန် အထူးအရေးကြီးကြောင်း၊ အဆိုပါ သုံးခုအနက် နည်းပညာရရှိအသုံးပြုနိုင်ရေးတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နားလည်သဘောပေါက်စေရေး၊ လက်ခံလိုက်နာကျင့်သုံးနိုင်စေရေး လုပ်ငန်းများကို အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်ပေးလာနိုင်သည်နှင့်အမျှ အရည်အသွေးနှင့် ထုတ်လုပ်မှု ကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူနေမှုဘဝမြင့်မားလာစေမည် ဖြစ်ကြောင်း၊ တောင်သူတိုက်ရိုက် အသုံးပြုနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ဈေးကွက်တောင်းဆိုမှုရှိသည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေးအတွက် ဆန်းသစ်သည့် အတွေးအခေါ်များ အခြေပြု၍ သီးနှံအမယ်သစ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကို ပြောင်းလဲဆောင်ရွက်နိုင်စေရေးတို့ကို အဓိကထားရမည်ဖြစ်ကြောင်းနှင့် သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသော နည်းပညာများသည် သီအိုရီအရ ခိုင်မာမှုရှိခြင်း၊ ဒေသရေမြေနှင့် ကိုက်ညီမှုရှိခြင်း၊ လက်တွေ့ဆောင်ရွက်နိုင်ခြင်း ရှိရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများတွင် တစ်ခုအပါအဝင် ဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Agricultural Practice)နှင့် အော်ဂဲနစ်စိုက်ပျိုးရေး ကျင့်စဉ်များ ချမှတ်ဆောင်ရွက်ထားရှိပြီး တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း၊ တောင်သူများ တိုက်ရိုက်အသုံးချနိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး တက္ကသိုလ်တို့အပြင် အခြားဆက်စပ် သုတေသန ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စာတမ်းဖတ်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။ တတိယအကြိမ် စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဘွဲ့လွန်ပညာရှင်များ၊ ဘွဲ့ရ၊ ဒီပလိုမာပညာရှင်များက စာတမ်းပေါင်း (၇၆)စောင်အား ဖတ်ကြားကြမည် ဖြစ်ကြောင်းသိရပါသည်။ (၃)ရက်ကြာ ကျင်းပပြုလုပ်မည့် အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ တင်ပြဖတ်ကြားမည့် စာတမ်းများကို အပြန်အလှန် ဆွေးနွေး၍ ရရှိလာသည့် ရလဒ်များအား တောင်သူများလက်ဝယ်သို့ ရောက်ရှိစေရန် စိုက်ပျိုရေးပညာပေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အကောင်းဆုံး စာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

MOI

Read times Last modified on Thursday, 28 January 2021 16:02
Rate this item
(0 votes)